Wednesday, July 30, 2008

ဖိုးချစ်ရဲ့ ကမ္ဘာကျော် နှစ်ပါး လက်မှတ်ထိုးပွဲ ကျင်းပ

ဖိုးချစ်ရဲ့ ကမ္ဘာကျော်နှစ်ပါး အမှတ်တရ လက်မှတ်ထိုးပွဲကို
78 မှာ ကျင်းပခဲ့ပါတယ်။

ကနေ့ နံနက် ၁၀နာရီက စတင်ခဲ့တယ်လို့ သိရပါတယ်။

သွားချင်သော်လည်း အခြားကိစ္စရှိနေတော့ မရောက်ဖြစ်ခဲ့ပါဘူး . . .


ဆြာဘ တော့ ရောက်ခဲ့တယ်လို့ သိရပါတယ်။
သူ့ဘလော့မှာ ပုံတင်မယ်ထင်ပါ့  . . .

ရတနာပုံတက္ကသိုလ်ရဲ့ ၁၁ ကြိမ်မြောက်ဘွဲ့နှင်းသဘင်

ရတနာပုံတက္ကသိုလ်ရဲ့ ၁၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပနေပြီ ဖြစ်ပါတယ်။

၁၁ ကြိမ် မြောက်ဘွဲ့နှင်းသဘင်ရဲ့ ဘွဲ့ယူမောင်မယ်များစုပေါင်းပြီး
နာဂစ်မုန်တိုင်းဒဏ် ခံရသူများအတွက် လှူဒါန်းသွားဖို့ အလှူခံလျက်ရှိတာကို တွေ့ခဲ့ရပါတယ်။


Monday, July 28, 2008

ဆုတောင်းပြည့်ဘုရား ရွှေထီးတော်တင် မင်္ဂလာ ကျင်းပ

မန္တလေးမြို့ရဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဆိုပြီး တောင်ပြင်မှာ တည်ရှိတဲ့ ဘုရားနှစ်ဆူထဲက
ဆုတောင်းပြည့် ဘုရားရဲ့ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပွဲပါ။

ယနေ့ နံနက်ပိုင်းက ကျင်းပပြီး အကြိုတရားပွဲများ၊ အောင်ပွဲ တရားပွဲများ၊ တေးဂီတ၊ အငြိမ့်၊ ဇာတ်သဘင် ဖျော်ဖြေမှုများနဲ့
ခြိမ့်ခြိမ့်သဲ ကျင်းပ လျက်ရှိပါတယ်။

ယနေ့တော့ ရွှေထီးတော်တင်လှူတဲ့နေ့ ဖြစ်ပါတယ်

ကောက်ညှင်းပေါင်း၊ ကြာဆံကြော် စသဖြင့် စတုဒီသာ ကျွေးမွေးကုသိုလ်ယူကြပါတယ်။


အောင်ပွဲအဖြစ် တရားပွဲနဲ့ ပျော်ပွဲရွှင်ပွဲများ ဆက်ဦးမှာပါ . . .

ကျွန်တော့ ဒုက္ခ

ကျွန်တော်ဒီရက်ပိုင်း အလွန် ဒုက္ခ ရောက်ပါတယ်။
အဲဒါဘာလဲ ဆိုတော့ဗျာ

တစ်ခုကတော့ ဘလော့ရေးဖို့ပါ
ကိုယ်ရေးထားတဲ့ ပို့စ်လေး ဘယ်လို ပုံထွက်လဲ ဆိုတာ ကိုယ့်ဘလော့မှာ ပြန်ဖတ်ချင်တာပေါ့ဗျာ
ဒါပေမယ့် တော်တော် ကြိုးစားဖတ်နေရတယ်

နောက်တစ်ခု အဲလို ဖတ်လို့ရတဲ့အခါကျတော့လဲ
ကျွန်တော်တော့ မှာ cbox ၀င်ရေးလို့မရဘူးဗျာ

ရေးချင်ရင် ကိုယ့် cbox မှာပဲ ကိုယ်ရေးခွင့်ရှိတယ်

ကျွန်တော် လျှောက်ကြည့်ဖြစ်သမျှ ဘလော့တွေမှာ ၀င်ရေးလို့မဖြစ်

ဝင်ရေးချင်ရင် သူတို့ရဲ့  cbox လိပ်စာ သိမှ ဖြစ်နေတယ်


စိတ်လဲ ညစ်ပါ့ . . .

ကြည့်ဖြစ်သမျှ ဖတ်ဖြစ်သမျှ ခံစားရသမျှ ဘာမှ ၀င်ရေးခွင့်မရ . . . .

cbox ၀င်ရေးလို့ ရတာများ သိကြရင် ပြောပြကြပါဦးဗျာ . . .

Sunday, July 27, 2008

ကားကြီး မိုးပေါ် ဘီးထောင်ခြင်း

မနေ့ညကပေါ့ ည ၁နာရီကျော်ကျော်လောက်
အိပ်ကောင်းနေဦး
အိမ်ရှေ့ က အစ်ကို အစ်ကို  ကို. ......................... ဆိုပြီး
ခေါ်သံတွေကြားတယ်

နောက်ထကြည့်တော့
ရပ်ကွက် မီးသတ်တပ်ဖွဲ့ က

ဘာဖြစ်တာလဲဆိုတော့ ၃၅လမ်းမှာ ကားမှောက်လို့
မှတ်တမ်းဓာတ်ပုံလိုက်ရိုက်ပေးပါတဲ့ (ကျွန်တော်က ကင်မရာနဲ့ ဟိုစပ်စပ် ဒီစပ်စပ်ရိုက်တတ်တာ သိနေကြတာကိုး)

ဒါနဲ့ လိုက်သွားတယ်
ရောက်တော့ ကားက ပက်လတ်လန်လို့ . . .

ဘီး တစ်ဖက်က ပြုတ်တောင်နေတယ်
ကားခေါင်းက လမ်းဘေးက အိမ်ထဲရောက်နေတယ်
သစ်ပင် နှစ်ပင် အမြစ်လန်နေတယ်


ဓာတ်ပုံရိုက်ရင်း မေးကြည့်တော့ တစ်ယောက်ပွဲချင်းပြီး သေတယ်တဲ့
ဆိုင်ကယ်ရှောင်လိုက်တာ လို့လဲ ပြောတယ်
၂ယောက်ပါတာ
တစ်ယောက်က ဘွဲ့ ယူဖို့ လာတယ်ဆိုပဲ
နယ်က လို့လဲ ပြောတယ်

ဘာမှ မတိကျ ဘူးမပြောနဲ့ ဗျ
ဒါက မှုခင်း
တိတိကျကျရေးရင် မကောင်းဘူး
ဘလော့ဆိုပေမယ့် စာနယ်ဇင်းကျင့်ဝတ်တော့ ညီမှ ဖြစ်မယ်

ဓာတ်ပုံလဲ တင်ထားလိုက်မယ် ကားနံပါတ်တော့ ဖျောက်လိုက်ဦးမယ် . . .


Friday, July 25, 2008

အိုလံပစ် ပွဲတော်

အိုလံပစ်ပွဲတော်နီးကပ်လာပါပြီ . . .

ဘလော့တွေ လိုက်ဖတ်ရင်းနဲ့
အိုလံပစ်ပွဲအတွက် လိုဂိုလေးတွေအကြောင်းရေးထားတဲ့
July Dream ရဲ့
ပို့စ်လေးကို ကြိုက်လို့  ညွှန်းလိုက်ချင်ပါတယ် . . .


http://july-dream.blogspot.com/2008/07/mascots-of-beijing-olympics_21.html

ကမ္ဘာ့ ဓာတ်ပုံပညာနေ့

ဘလော့ဒေး မရောက်ခင် ရောက်မှာကတော့ ကမ္ဘာ့ ဓာတ်ပုံပညာနေ့ပါပဲ . . .
သြဂုတ်လ ၁၉ရက်နေ့  မှာ ကျရောက်မှာဖြစ်ပါတယ် . . .

ဓာတ်ပုံဆရာတွေ၊ ဘလော့ကာများသာမက
ဓာတ်ပုံနဲ့ ထိတွေ့မှု မရှိတဲ့သူ မရှိသလောက်ပါပဲ . . .

ကိုယ့်ရဲ့ အမှတ်တရများကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်လာကြတာ
နှစ်ပေါင်း များစွာကြာနေပါပြီ  . . . .


ဒီနှစ် ဓာတ်ပုံပညာနေ့   မှာ ဘာတွေ လုပ်ကြဦးမလဲ ဆိုတာကတော့

ဓာတ်ပုံချစ်သူများကို စောင့်ကြည့်ရဦးမှာပါပဲ . . .

ဒါကတော့ မနှစ်က ဓာတ်ပုံချစ်သူများစုစည်းတင်ထားတဲ့
ဓာတ်ပုံပညာနေ့ အထိမ်းအမှတ် နေရာလေးပေါ့ . . .

http://wpd-mm.blogspot.com/

Thursday, July 24, 2008

ဘလော့ဒေး( Blog Day) ရောက်တော့မယ်

၂၀၀၈ခုနှစ်အတွက် ဘလော့ဒေး မကြာခင် ရောက်တော့မယ်ဗျာ . . .

မနှစ်ကတော့ မန္တလေးမှာ ဘလော့ကာတွေ စုပြီး ပျော်ပျော်ပါးပါး မလုပ်တတ် လုပ်တတ် နဲ့ အခမ်းအနားတစ်ခု ဖြစ်အောင်ကြိုးစားခဲ့ကြပါတယ်။

ဒီနှစ်အတွက် ဘလော့ဒေး ကျင်းပဖို  ဘယ်လိုများ ရှိကြလဲ မသိဘူးဗျာ
ကျွန်တော်ကတော့ အလွန် ဖြစ်စေချင်ပါတယ် . . .

ဘလော့ကာတွေ ပေါင်းစုပြီးတော့
ညီညီညွတ်ညွတ်နဲ့ ပျော်ပျော်ပါးပါးလုပ်ခဲ့ရတာ . . .

ကိုစစ်ကိုင်းကြီးကိုလဲ လွမ်းလိုက်တာ . . .


ဘာဖြစ်ဖြစ်ဗျာ
မနှစ်က အမ်အိုင်စီတီ(ရတနာပုံဈေး) ရှိတော့
ကွန်ပျူတာပညာရှင်အသင်း(မန္တလေးတိုင်း)က ထောက်ပံ့ပြီး နေရာရှာပေးတာ . . .
အခုတော့ နေရာက အလွယ်တကူမရှိ . . .

ကျင်းပချင်တယ်ဗျာ
ဘလော့ဒေး ဖြစ်အောင်ကျင်းပချင်ပါတယ် . . .

အားလုံးပဲ ဘလော့ဒေးအထိမ်းအမှတ် တစ်စုံတစ်ခု ပြုလုပ်ဖြစ်အောင်လို့
ဘလော့ကာတွေ ဆုံကြဦးစို့ဗျာ . .  .


၃၀-၈-၂၀၀၈ရက်နေ့မှာ ကျရောက်မယ့် ဘလော့ဒေးကို
ကြိုဆိုရင်း . . .

ဘလော့ဒေး အထိမ်းအမှတ်အခမ်းအနားတစ်ခု ကျင်းပဖို့အတွက်
ကူညီမယ့်သူများ ၀ိုင်းဝန်းပေးကြပါဦးဗျာ . . .

မရတနာချိုတို့အဖွဲ့
ဆြာဘ
ရဲသုံးဖော်
အားလုံး ၀ိုင်းဝန်းခဲ့ကြသူများ ပြန်လည်ဆုံဆည်းရအောင်ဗျာ . . . .

Sunday, July 20, 2008

လျှပ်တပြက်ရဲ့ လျှပ်တပြက်

လျှပ်တပြက်ဂျာနယ်ရဲ့ တောင်သမန် ဇာတ်လမ်းကို
ပြန်လည်ဖြေရှင်းတဲ့ စာတွေပါတဲ့ ဂျာနယ်မှာပဲ . . .
 
မဟာမုနိဘုရားထဲက ကြေးရုပ်ကြီးတွေကိုရေးထားတယ် . . .
 
လူရုပ်တွေရဲ့ အတိုင်းအတာကို ၇လက်မ
၆လက်မ ဆိုပဲ
 
ဘာကိုများ တိုင်းလာလဲတော့မသိ . . .
 
 
သြော် လျှပ်တပြက်ရယ် . . .
 
တောင်သမန် ကွန်ကရစ်အစားထိုးတာက မဟုတ်မှန်ကြောင်း
ဖြေရှင်းချက် ပြန်လည်ဖော်ပြပြီးပါပြီ . .
 
အဲဒီစာရေးသူပဲ . .
ထပ်မံပြီး အမှားတွေ ရေးထားတာပါပဲ . . .
 
ဖွတာလား တော့ မသိ . . ..
 
 

Thursday, July 17, 2008

သတင်း နှင့် သတင်း

မနက်က ဆွမ်းကျွေးသွားရင် တွေ့လို့ ကောက်ဖတ်တာ
လျှပ်တပြက်ဂျာနယ်က သတင်းပေါ့
ဖတ်လိုက်ရကတည်းက တော်တော် ဒေါသဖြစ်နေတာ
၁။ သတင်းပေးပို့သူ
၂။ သတင်းသုံးသူ တွေကိုပေါ့ . . .

၁။ သတင်းပေးပို့သူ
သတင်းပေးပို့ သူအနေနဲ့ ဦးပိန်တံတား ရောက်ဖူးရဲ့လားမသိ . . .
ဦးပိန်တံတားရဲ့ တစ်နေရာက ချောင်းဖြတ်စီးဆင်းတဲ့နေရာကို သံကူကွန်ကရစ် တံတားတစ်ခု အစားထိုးထည့်ထားတာ ကျွန်တော့်အထင် နှစ်ပေါင်း ၂၀ကျော်ပြီ ထင်ပါတယ်။
၁၉၈၄ခုနှစ် ၀န်းကျင်ခန့်က ဖြစ်မယ်ထင်ပါတယ်။ အဆိုပါတံတားနေရာကို အုတ်အစားထိုးတာ . . .

ယခု ဒီနှစ် အတက်နေ့က ကျိုးကျတဲ့တံတားကို ပြုပြင်ပြီးတဲ့အချိန်
ဦးပိန်တံတားကို ရောက်ခဲ့ပါသေးတယ် . . .
သစ်သားနဲ့ ပြန်လည် အစားထိုးပြုပြင်ထားတာ တွေ့ခဲ့ရပါတယ်.

မှတ်ချက်။ ယခုအချိန်မှာ ဘာနဲ့ ပြင်ထားမလဲတော့ မပြောတတ်ပေမယ့် ပုံထဲမှာပါတာကတော့ ယခင်က တံတားဟောင်းကြီးပါ။
                အသစ်ပြင်တယ်ဆိုတဲ့နေရာက မဟုတ်တာသေချာပါတယ်။

၂။ သတင်းသုံးသူ
ကိုယ်က ကာလာသုံးပြီး ထိထိမိမိဖော်ပြမည့် သတင်းတစ်ပုဒ်ကို စိစစ်မှုမလုပ်ဘူးလား . . . .

နားမလည်တော့ပါ . . .  .

သတင်းဖတ်ပြီး တော်တော် စိတ်လေသွားပါတယ် . .
မှားသွားတဲ့ သတင်းတစ်ပုဒ်ကြောင့်
တခြားသူရဲ့ စိတ်ကိုပါ ထိခိုက်စေနိုင်ပါတယ် . . .


CMS ရဲ့ ဘလော့မှာ တင်လိုက်တဲ့ ပို့စ်ကို ကနေ့ ဖတ်မိတော့
တိုက်တိုက်ဆိုင်ဆိုင် ဂျာနယ်ကို ကနေ့ ဖတ်ထားမိတော့ . . .

ဦးပိန်အရောက်သွားလို့ ဓာတ်ပုံရိုက်ပြီး
ဟုတ်မဟုတ် ဆုံးဖြတ်လိုက်ဦးမယ်ဗျာ . . .

သြော်
သတင်း
သတင်း  . . . . .

ဝါဆိုလပြည့်

ကနေ့ကတော့ ၀ါဆိုလပြည့်နေ့ ဖြစ်တာနဲ့အညီပဲ
နံနက်ပိုင်းမှာ ၀ါဆိုသင်္ကန်းကပ် ဆွမ်းကျွေးများ နေရာအနှံ့ ကျင်းပနေကြပါတယ်။

အိမ်မှာ ကျင်းပကြပြီး မိသားစု နားရက်ဖြစ်တာကြောင့်
မန္တလေးတောင်မှ သည် ဘုရားဖူးခြင်း၊ မိသားစု အနားယူ အပန်းဖြေနေရာများသွားခြင်း များ
ပြုလုပ်နေကြပါတယ်။

ရုပ်ရှင်ရုံများလဲ စည်ကားလို့နေပါတယ် . . .

မနက်ဖြန်မှာတော့
မန္တလေးရဲ့ ဂုဏ်ဆောင်
ဝါဆိုပွဲ ရှိပါတယ် . . .

ဘုန်းတော်ကြီးကျောင်းများကနေ ၀ါဆိုရန်စီစဉ်နေကြသော သံဃာတော်များက
တကာ၊ တကာမတို့ကို ဧည့်ခံကျွေးမွေးမှုအစီအစဉ်များနဲ့ ပြန်လည် ဧည့်ခံမှာဖြစ်ပါတယ် . . .

ဘုရားကြီးတစ်ဝိုက်မှာဆို နံနက်ပိုင်းကတည်းက စည်းကားလျက်ရှိနေတတ်ပါတယ် . . .


Tuesday, July 15, 2008

အိုဘယ့် ဧရာဝတီ

ဧရာဝတီ မြစ် ကြီးက မန္တလေးရဲ့ အနောက်ဘက်မှာစီးဆင်းလို့ . . . .
ဧရာဝတီမြစ်ကြီးကို ဖြတ်လို့ တံတားကြီး နှစ်စင်းလဲ ထိုးထားလေရဲ့ . . .
ဧရာဝတီမြစ်ကြီးထဲကလဲ သင်္ဘောတွေ၊ စက်လှေတွေနဲ့ ခရီးသွားကြ ပစ္စည်းသယ်ကြ . . . ကုန်သွယ်ကြ . . .
ဧရာဝတီမြစ်ဘေးမှာပဲ ရေတွင်းတွေတူးလို့ မြို့ထဲကို ရေဖြန့် . . .
ဧရာဝတီမြစ်ကြီးကို အမှီပြုလို့ နေထိုင်စားသောက်ကြသူတွေအများကြီး . . .

အဲဒီဧရာဝတီဆိုတဲ့မြစ်ကြီးက ဇူလိုင်လ ၁၅ရက်နေ့လောက်ကစပြီး
သုံးလေးနှစ်ရှိလာပြီ ရေတိုးတက်လာပါတယ်  . . . .

ဟိုး တစ်နှစ် ရေတွေ အရမ်းကြီးတုံးကလဲ ဒီလို ဇူလိုင် ၁၅ရက်လောက်က စခဲ့တာပဲ . . .
မနှစ်ကရော ဒီလို ဇူလိုင် ၁၅ရက်ပဲ . . .
စတိုးခဲ့တာ . . .

မသိသာဘူးပေါ့ . . . .စတိုးစတော့
တဖြည်းဖြည်းတိုးလာတယ် . . .
မန်းကလဲ မိုးရွာတယ်
မိုးရွာတော့ ရေက မဆင်းနိုင်
ရေကတိုးပြီး တန့်လာတဲ့အခါ
မြစ်ရေတက်တဲ့အန္တရာယ်ဖြစ်လာတော့တာပါပဲ . . .

ရန်ကုန် အသွား၊ အပြန် လမ်းမှာ ရွာလေးတချို့ ရေမြုပ်နေပါတယ် . . .
အသွားတုံးက ထက် အပြန်မှာ ချောင်းတွေ ရေပိုတက်နေပါတယ် . .  .
နောက်အောက်ပိုင်းမှာ မိုးကောင်းပါတယ် . . .
ဒါဆို အောက်ရေ တန့်တော့မယ် . . .

အထက်က မိုးကောင်းပြီး တောင်ကျရေများ များ ဆင်းလာရင်
မြစ်ထဲက ရေမဆင်းနိုင်ပဲ မန္တလေးနားတစ်ဝိုက်မှာ ရေ တိုးလာနိုင်ပါတယ် . . .

အခု တိုးပြီလားဆိုတော့ တိုးတော့ တိုးတာပေါ့ . . .
ဖြည်းဖြည်းချင်းပေါ့ . . .

ယခင်နှစ်အတွေ့အကြုံများအရ ဇူလိုင် ၁၅ရက်မှသည် သြဂုတ်၁၅ရက်အတွင်းကို မြစ်ရေ
စောင့်ကြည့်ရမယ့် ရက်များအဖြစ် သတ်မှတ်ထားတယ်လို့လဲ သိရပါတယ်။

ဘာဖြစ်ဖြစ်ပေါ့လေ . . .
ဘယ်သူမှ ဘာမှ မဖြစ်ကြစေရင်အကောင်းဆုံးပါပဲ . . .


သြော် မန္တလေးက စာနယ်ဇင်းများ ကတော့ ရေကင်းစောင့်လို့ မှတ်တမ်းတင်ကြတယ်ဆိုပဲ . . .

အားလုံးအန္တရာယ်ကင်းကြပါစေ . . .

(အခုပို့စ် တင်မယ့်အချိန်မှာပဲ မိုးကြီးရွာနေပါပြီ)


Thursday, July 10, 2008

@ygn


Wednesday, July 9, 2008

ရန်ကုန်က မိုးနဲ့ကြိုတယ်

ဒီကနေ့ မွန်းလွဲ ၃နာရီ၁၅ လောက်မှာပဲ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။
ရောက်တာနဲ့ တစ်ညလုံး ရထားစီးထားတော့ ရေပြေးချိုးတာပေါ့
အပြင်ထွက်မယ်ဆိုပြီး ထွက်လာမှ မိုးကရွာ
ဘာလုပ်ရမှန်းမသိတာနဲ့
အင်တာနက်ဆိုင်ဝင်ပြီး သုံးကြည့်နေပါတယ် . . .
ဒီမှာ ကွန်နက်ရှင်က ပိုငြိမ်သလိုပါပဲ . . .

အော် ရန်ကုန် . . ရန်ကုန် . . .
ဘယ်မှ ကို မသွားရသေးတဲ့ ရန်ကုန်  . . ..

ဘာတွေများ ပြောင်းလဲနေလဲ မသိ . . .

Monday, July 7, 2008

နာဂစ်မုန်တိုင်းရန်ပုံငွေ ပန်းချီပြပွဲ

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ပန်းချီ ပညာရှင်များက
အနုပညာဖြင့် လှူဒါန်းခြင်းအဖြစ်
ပန်းချီပြပွဲတစ်ခုကို ပံသုစန္ဒာ ပန်းချီသင်တန်းကျောင်း(၇၈လမ်း၊ ၂၇လမ်းနှင့်၂၈လမ်းကြား)မှာ ကျင်းပပါတယ်။

donation art show လို့ အမည်တပ်ထားတဲ့ ပန်းချီပြပွဲမှာ
ပန်းချီဆရာ၊ ဆရာမပေါင်း ၄၁ဦးက ပန်းချီကား ၄၁ကားနှင့်
ဆရာကြီး U Ba Thet, U Kin Maun(Bank). U Kan Nyunt
တို့ရဲ့ ပန်းချီကား သုံးကားကိုလဲ ပြသထားပါတယ်။

ပြသထားတဲ့ပန်းချီကားများကို ရောင်းချမှာဖြစ်ပြီး
ရရှိလာတဲ့ ရောင်းရငွေများကို လှူဒါန်းသွားမယ်လို့
သိရပါတယ်။

၆ရက်၊ ၇ရက် နေ့များမှာ ပြသထားပြီးတော့
ရရှိလာတဲ့ ရောင်းရငွေများကို လှူဒါန်းမှာဖြစ်ပါတယ်။

၆ရက်နေ့ နံနက် ၉နာရီလောက်မှာရောက်ခဲ့စဉ်က
ပန်းချီကား ၇ကားရောင်းချရပြီးဖြစ်ပြီး
ရောင်းချရငွေ ၈သိန်းခန့်
ရရှိနေပြီ ဖြစ်ပါတယ်။

ဆက်လက် ရောင်းချရဦးမယ်လို့လဲ ထင်မြင်မိပါတယ်။
မူရင်းဈေးထက် ချ ပြီး ရောင်းထားတယ်လို့လဲ ပန်းချီပြပွဲပါ ဆရာများက ပြောပြကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အနုပညာရှင်တို့က မိမိတို့ တတ်နိုင်တဲ့ အနုပညာကို လှူဒါန်းရာမှာ အသုံးပြုကြတာဖြင့်
အားကျဖွယ်ဖြစ်နေပါတယ်။
ကိုယ်တိုင် မလှူနိုင်တော့လှူနိုင်သူတွေ သတင်းသာ လိုက်ရှာဖော်ပြနေရပါတော့တယ် . ..

ဘောလုံးပွဲဒုတိယနေ့ ဒုတိယပွဲစဉ်

ကနေ့ ညနေပိုင်းက ဘောလုံးပွဲ ဒုတိယနေ့ ဒုတိယပွဲစဉ်ကို ဗထူးကွင်းမှာ ကျင်းပခဲ့ပါတယ်
ဒီနေ့တော့ ဒုတိယပိုင်းစမှ ရောက်ခဲ့ပါတယ်
ကျွန်တော်ရောက်တော့ old star အသင်းက ၂ဂိုး၊ မင်းသားလေးများက ၁ ဂိုးပါ။

ဒုတိယပိုင်းမှာပဲ မင်းသားလေးများက ကျောနံပါတ် ၇ မင်းသားလေး ဖြိုးဝေထက်က ချေပဂိုး သွင်းယူခဲ့ပါတယ်။
မကြာမီမှာပဲ ပထမ အနိုင်ဂိုးအဖြစ် ကျောနံပတ် ၇ ဖြိုးဝေထက်ကပဲ သွင်းယူခဲ့ပါတယ်(ပထမပိုင်း တစ်ဂိုးနဲ့အတူ သုံးဂိုး သွင်းခဲ့တာပါ)
အဲဒီနောက်မှာတော့ ၀င်းနောင်က အနိုင်ဂိုး ထပ်မံ သွင်းယူပါတယ်။

နောက်ပိုင်း မိနစ် ၃၀ခန့်မှာ ဖိုးချစ်က တစ်ဂိုးသွင်းယူပြီး
မကြာခင်ပဲ ပင်နယ်တီ ရရှိပြီး ဖိုးချစ်က ထပ်မံသွင်းယူခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ပွဲမှာ
old star အသင်းက ၂ ဂိုး၊ မင်းသားလေးများက ၆ဂိုးဖြင့်
မင်းသားလေးများ အနိုင်ရရှိခဲ့ပါတယ်။

နှစ်ပွဲ ကစားရာမှာ ပထမနေ့က မင်းသားလေးများက ၂ဂိုး၊ ၃ ဂိုးဖြင့် ရှုံးပြီး
ဒုတိယပွဲမှာ ၆ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

Sunday, July 6, 2008

ဘောလုံးပွဲ ကန်ပြီ

ယနေ့ ညနေ ၂နာရီက စပြီး မန္တလေး ဗထူးကွင်းအတွင်းမှ
ရှဲလ် တေးဂီတနှင့်အတူ ဖျော်ဖြေမှုများ စတင်ခဲ့ပါတယ်။

အဲဒီနောက် ၄နာရီ ၁၅မိနစ်မှာ ဘောလုံးပွဲ စတင်ဖို့ ကွင်းထဲဝင်နေရာယူကြပြီး
အကြိတ်အနယ်ဘောလုံးပွဲ စတင်ကန်ခဲ့ကြပါတော့တယ်
ပထမပိုင်းပြီးတဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းခွင့်များရသော်လည်း
ဂိုး မ၀င်ခဲ့ကြပါဘူး

ယခင် ကျောင်းသားလက်ရွေးစင်အဖြစ် ကန်ဖူးတဲ့ ဖိုးချစ်တစ်ယောက်
တော်တော် ကြိုးစားကစားသော်လည်း ဂိုးတိုင်ထိပြန်ထွက်တာနဲ့
ဂိုးသမားမီတာနဲ့ဂိုးမရရှိခဲ့ပါဘူး
ဒုတိယပိုင်း စကန်ချိန်မှာတော့ မိုးအနည်းငယ် ကျစပြုနေပါတယ်
ဒါကြောင့် မရှိမဲ့ရှိမဲ့ ကင်မရာလေး မိုးစိုမှာကြောင့်လို့
ယခု ပို့စ်တင်ချိန်မှာတောင် မပြီးသေးတဲ့ ဘောလုံးပွဲကနေ ပြန်ခဲ့ပါတော့တယ်

နောက်နေ့မှ ဘယ်သူနိုင်လဲ ပြောတော့မယ်ဗျာ

မင်္ဂလာဈေး မီးလောင်မှုဖြစ်

မနေ့က(၅-၇-၂၀၀၈)ရက်နေ့ ညနေပိုင်း ၇နာရီဝန်းကျင်မှာ
မန္တလေး မင်္ဂလာဈေး(လမ်း၃၀နှင့်၇၃လမ်းထောင့်)တွင်
မီးလောင်မှုတစ်ခုဖြစ်ပွားပါတယ်။

ဈေးသိမ်းပြီးချိန် ဈေးသော့ခတ်ပြီးချိန်ဖြစ်ပြီး
အတွင်းပိုင်းမှ မီးခိုးထွက်သောကြောင့် အပြင်က ၀ိုင်းငြိမ်းကြပြီးနောက်
မီးသတ်ရောက်လာပါတယ်။
မီးက အနည်းငယ်သာလောင်ကျွမ်းတယ်လို့သိရပါတယ်။
အတွင်းက ကြေးမီးပူ(မီးသွေးသုံး)က တစ်ဆင့် လောင်ကျွမ်းတယ်လို့ ယူဆရပါတယ်။
မီးလောင်မှုကြီးအဖြစ် မရောက်ရှိဘဲ
မီးလန့်တယ်သဘောသက်ရောက်မယ်လို့ ထင်ရပါတယ်။
အတွင်းက ဆိုင်ခန်းတစ်ချို့ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

Saturday, July 5, 2008

စိုင်းစိုင်းခမ်းလှိုင် ဟစ်ဟော့ရှိုး

 ဒီကနေ့ ညနေပိုင်းမှာ မြို့တော်ခန်းမ အတွင်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဟစ်ဟော့ရှိုးရှိပါတယ် . . .


လူငယ်တွေအကြိုက်ပေါ့ . . .

Friday, July 4, 2008

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပမည်

မန္တလေးတိုင်းလက်ရွေးစင်ဟောင်း ဘောလုံးသမားများ(Old Ster) ဘောလုံးသမားကြီးများနှင့်
မြန်မာ့သဘင်အလှဆင်သူမင်းသားလေးများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် ဗထူးကွင်းမှာ
ဇူလိုင် ၆ရက် ၇ရက် များမှာ ကျင်းပပါမယ်။
ရရှိလာတဲ့ ကွင်းဝင်ကြေးများကို နာဂစ်မုန်တိုင်းခံရသူများအတွက် မန္တလေးတိုင်း တယက မှ တစ်ဆင့်
လှူဒါန်းသွားမယ်လို့ သိရပါတယ်။
 
ကွင်းဝင်ကြေးအဖြစ် နှစ်ရက်စာ နှစ်ထောင်ကျပ်ပါ
 
မွန်းလွဲ ၂နာရီကစပြီး ရှဲလ် တေးဂီတနှင့်အတူ မင်းသားလေးများကဖျော်ဖြေတင်ဆက်ကြမှာပါ။
 
ဖိုးချစ်၊ ၀င်းနောင်၊ လှိုင်ဘွားအောင်စတဲ့ မင်းသားလေးများနဲ့အတူ
ညနေတိုင်း ဗထူးကွင်းများ လေ့ကျင့်ခန်းဆင်းနေကြတာ တွေ့ခဲ့ရပါတယ်။
 
ဘောလုံးပွဲကောင်းတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
အရင်က လက်ရွေးစင်ဟောင်း အသက် ၅၀အထက် ကစားသမားကြီးများရဲ့ အစွမ်းကိုလဲ တွေ့နိုင်မှာပါ . ..
 
 

Tuesday, July 1, 2008

အကောက်အခွန်မဲ့ ဆိုင်ကယ်များ မတလ လိုင်စင်ထုတ်ပေး

ကနေ့ ဇူလိုင် ၁ရက်မှ စတင်ပြီး
မန္တလေး ရဲသိပ္ပံကွင်းအတွင်းမှာ
လိုင်စင်ထုတ်ပေးမှုကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်
 
အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးမယ်လို့သိရပါတယ်
 
ဆိုင်ကယ်များကို အုပ်စုခွဲထားပါတယ်။
အုပ်စု(က) တရုတ်ဆိုင်ကယ်
အုပ်စု(ခ) အိန္ဒိယဆိုင်ကယ်
အုပ်စု(ဂ) ထိုင်းဆိုင်ကယ်
အုပ်စု(ဃ) ဂျပန်ဆိုင်ကယ်
 
အကောက်အခွန်နဲ့အခြား သက်ဆိုင်ရာ ကောက်ခံမှုအနေနဲ့
မော်ဒယ်ကိုမူတည်ပြီး ၃ ပိုင်းခွဲထားပြန်ပါတယ်
အနည်းဆုံးကျသင့်ငွေ ကျပ်၇၅၀၀၀ ကနေ အများဆုံး မော်ဒယ်အမြင့်ဆုံး ဂျပန်ဆိုင်ကယ်ဆိုရင် ၄သိန်းခွဲခန့်အထိ
ကျသင့်မယ်လို့ မော်ဒယ်အလိုက် သတ်မှတ်ထားတဲ့ ကုန်ကျစရိတ် ဇယားများက ဖော်ပြထားပါတယ်။
 
ကွင်းအခြေအနေနဲ့ လုပ်ငန်းလုပ်ကိုင်မှုပုံစံကတော့ နောက်နေ့ သွားကြည့်လိုက်ဦးဗျာ . . .