Monday, March 31, 2008

ပညာရခဲ့တဲ့ကျွန်တော်တို့တစ်တွေ

ဒီကနေ့ အလှူက ပျော်စရာကောင်းသလို စိတ္တသုခတို့လဲ ပညာကောင်းကောင်းရခဲ့ပါတယ်။

ကုမ္ပဏီများရဲ့ သဘောထားနဲ့လုပ်ရပ်များကို ယနေ့မှပဲ သဘောပေါက်နားလည်ခဲ့ရပါတယ်။
စတင်ဆက်သွယ်မှုအရ ရိုးရိုးသားသား စေတနာပေါက်ပြီး လှူဒါန်းချင်လို့ လှူဒါန်းတယ်ပေါ့လေ . .
ပေါ့ပေါ့ပါးပါးပါပဲ
လှူပေါ့
သယ်ဖို့တောင် ကားတွေ ဘာတွေ စီစဉ်ထားလို့
ကြားထဲမှာ ကုမ္ပဏီက လှူဒါန်းဖို့ သွားရောက်ကြိုးစားမှုတွေရှိခဲ့ပြီး အဆင်မပြေမှုဖြစ်တာကိုလည်း ကနေ့မှ သိရသေးတယ်
သူတို့ မလုပ်နိုင်တဲ့ အနေအထားရောက်တော့ ဘာလိုလိုနဲ့ ကိုယ့်အပေါ် အသာလေး ခုတုံးလုပ်

အဆင်လဲပြေရော
သူတို့ နာမယ်မပေါ်လို့တဲ့ . . .

ပြောသွားတဲ့စကားက ကောင်းလိုက်တာ . . .

သူတို့က တာဝန်ရှိသူတွေကို လှူပြီးရင် ပြီးပြီတဲ့
ကျန်တာကို အောက်ခြေကလူတွေက လုပ်လိမ့်မယ်တဲ့ . . .

အဲဒီထက်တောင် စော်ကားမှုပါတဲ့ စကားမျိုးသုံးပါသေးတယ်
မပြောပြချင်တော့ပါဘူး. . .

ပြောပုံဆိုပုံ လုပ်ပုံတွေက အင်မတန်တင်စီးပြီး
အားလုံးက အခိုင်းခံတွေဖြစ်လို့  . . . .

ဒီက ဘာအကျိုး ဘာအမြတ်မှ မမျှော်ကိုးပါပဲ မအားတဲ့ကြားက လူအပင်ပန်းခံ၊ စိတ်အပင်ပန်းခံပြီး လုပ်ခဲ့ရတဲ့ အနေအထားတွေကို မသိတာလား
နားမလည်တာလားမသိ

သူတို့နာမည်ပေါ်လွင်ရေးအတွက် အဓိကထားပြီး ကိုယ်က လှူပြီး ပြီးတာပဲ ဆိုတဲ့သဘောထား
အားလုံးအပေါ်ကို အထက်စီးက ဆက်ဆံချင်တဲ့သဘောထား
ပူးပေါင်းမှု၊ ပါဝင်မှုမဟုတ်ဘဲ
ခိုင်းစေချင်သော သဘောထား

အဲလိုသဘောထားများနဲ့ ပေါ်လွင်မှုကို အဓိထားပြီး လှူဒါန်းတတ်သော ကုမ္ပဏီကြီးများ၏ အလှူဒါနများအကြောင်း
သင်ခန်းစာကောင်းကောင်းရခဲ့ကြောင်းပါ . . . .

စိတ္တသုခ ပရဟိတလူငယ်များတွေကတော့ သူများက အထက်စီးက ခိုင်းလဲ ခံရမှာပါပဲ
မရှိတဲ့သူများတာကိုး
ငွေမရှိကြပေမယ့် စေတနာစိတ်ထားက ဘယ်လိုနှိုင်းယှဉ်မရဘူးဆိုတာ ဒီကနေ့ ပေါ်လွင်ခဲ့တော့ ၀မ်းသာစရာပါပဲ . . .

တူတူလှူကြတဲ့အထဲ စီးပွားရေးလုပ်ငန်းရှင်ငယ်များ၊ လုပ်ငန်းရှင်ကြီးများကလည်း လှူကြတာတွေ့ရပါတယ်။
တစ်ယောက်မှ အဲလို စိတ်ထား အဲလို ပုံစံမတွေ့ . . .

ဌာနဆိုင်ရာတာဝန်ရှိသူတွေကတောင် အစစ အရာရာ လိုအပ်သလို ပံ့ပိုးကူညီပြီး စခန်းကို ရက်တိုးဖွင့်ပြီး ကူညီကြပါသေးတယ်။

အဲလိုတွေကြားထဲက အဲလိုကြီး လာဆက်ဆံတော့
အဲဒီကုမ္ပဏီဆို နောက် နောင် စိတ္တသုခ များက ရှောင်ကြဉ်ပါ၏ ပေါ့ခင်ဗျာ . . . .

စိတ္တသုခပရဟိတလူငယ်များရဲ့ မီးဘေးကယ်ဆယ်မှုအလှူ

စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မီးဘေးကယ်ဆယ်ရေးအလှူအဖြစ်
ယနေ့ မွန်းလွဲ ၁နာရီက ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ယနေ့လှူဒါန်းဖို့အတွက် အစီအစဉ်အနေနဲ့ ဆန်၊ ဆား၊ ဆပ်ပြာစတဲ့ နေ့စဉ်အသုံးအဆောင်များ လှူဒါန်းဖို့ပါ။
ကျွန်တော်တို့ဆီကို ဥရောပ-အာရှ မှ ဆက်သွယ်မှုဖြင့် ဆန်အိတ်များပါဝင်လှူဒါန်းမယ်လို့ သိရပါတယ်။
ဒါကြောင့် မီးဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျခွဲဝေလှူဒါန်းခွင့်ရရှိရေး
ဆွေးနွေးခဲ့ပါတယ်
နှစ်ကြိမ်ဆွေးနွေးပြီး စခန်းသိမ်းမည့်ရက်ကို နောက်ဆုတ်ကာ တနင်္လာနေ့ မွန်းလွဲ ၁နာရီမှာ မီးဘေးသင့်ခံရသူများထံ တိုက်ရိုက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။

ဒါကြောင့် ယနေ့ မွန်းလွဲ ၁နာရီမှာ
စိတ္တသုခပရဟိတလူငယ်များမှ ဆန် ၇အိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ အ၀တ်အထည်များစသော တန်ဖိုးငွေကျပ် ၇သိန်းကျော်
ကရုဏာကောင်းကင် အဖွဲ့မှ ပဲအိတ် ၄အိတ် တန်ဖိုး ကျပ်တစ်သိန်းကျော်
ဥရောပအာရှမှ ငွေကျပ် ၁၀သိန်းခန့် တန်ဖိုးရှိသော ဆန်အိတ်များ
ကို စိတ္တသုခပရဟိတလူငယ်များက တာဝန်ယူပြီး မီးဘေးသင့်ခံရသူများလက်ဝယ် တစ်အိမ်ထောင်စုချင်း ဝေငှပေးနိုင်ခဲ့ပါတယ်။

ထို့အတူ စွမ်းအားလျှပ်စစ်မှ ဦးအောင်ဇော်ဝင်းနှင့်ရောင်းရင်းများက ငွေကျပ် ၃၅သိန်းနှစ်သောင်းကို တစ်အိမ်ထောင်စုလျှင် ၈ထောင်ကျပ်နှုန်းဖြင့် ဝေငှပေးလှူဒါန်းခဲ့ပါတယ်။

စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကရုဏာကောင်းကင် အဖွဲ့သားများလည်း ချွေးတလုံးလုံးဖြင့် ပါဝင်လို့ ဆောင်ရွက်ကြတာ ပျော်စရာပါပဲ။
ချွေးစက်များထက် ပီတိက ပိုနေကြပါတယ်။
ဆန်သုံးပြည်စီနဲ့အတူ လှူဒါန်းတဲ့ပစ္စည်းများကို အိတ်များနဲ့ခွဲထုတ်ရတာပါ
အထုပ်ပေါင်း ၄၄၀ထုပ်ရတာဆိုတော့
ဆန်က ထွက်တဲ့ အမှုန်းများနဲ့ လူတွေလဲ ဖွေး၊ နေကလည်းပူ၊ ချွေးကလည်းထွက်နဲ့
အားလုံး ပျော်ပျော်ပါးပါး လုပ်ကြ ကိုင်ကြ ၀ိုင်းကြ သိုင်းကြတာ
ကျေနပ်သလို
လှူဒါန်းခွင့်ရရေး ပါဝင်ဆောင်ရွက်ပေးတဲ့ ဒေသခံ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိရပါတယ်။

မီးဘေးကယ်ဆယ်ရေးအတွက် ထိန်ကုန်းကအပြန် နတ်ဝင်းမီးလောင်မှုအတွက်လည်း ၀င်ရောက်လှူဒါန်းခဲ့ကြရတဲ့အတွက်
၁ရက်မှာ နှစ်နေရာ လှူဒါန်းနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမိခဲ့ပါကြောင်း ။ ။ ။


Saturday, March 29, 2008

ဒီကနေ့ လောင်တဲ့မီး

မန္တလေးမြို့ ၃၆လမ်း ၃၇လမ်းကြား ၈၁လမ်း၈၂ကြား နတ်ဝင်းအတွင်း ကနေ့ ည ၇နာရီ၄၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးအင်အားတော်တော်များပြီးတော့ အဲဒီရပ်ကွက်က ဖိနပ်လုပ်ငန်းလုပ်ကြတာဆိုတော့

လောင်စာ အားကောင်းတယ်ထင်ပါတယ်။

အားလုံးက မနိုင်တော့ဘူးလို့ ပြောကြပေမယ့်

၁၅အိမ်ခန့်သာ ဆုံးရှုံးမှုရှိခဲ့ကြောင်း ကြားသိရပါတယ်။

ဝါယာလျှော့ဖြစ်တယ်လို့ သိရပါတယ်။

ဘာကြောင့်ဖြစ်ဖြစ် မီးလောင်မှုများ ဆက်တိုက်ဖြစ်နေတာကတော့ မကောင်းပါဘူး

မန္တလေးတိုင်းက မီးလောင်တဲ့အကြိမ်ရေ အများဖြစ်ဆုံးဖြစ်နေတာ ဆက်လက်ရပ်တည်နေဦးမယ်ထင်ပါရဲ့ . . .

မီးလောင်တာတစ်ခု လှူဒါန်းဖို့ စုနေကြတုံး နောက်တစ်ခုလောင်ပြန်ပြီ

ကူညီလှူဒါန်းလိုသူများ ဆက်သွယ်ကြပါဦးဗျာ . . .

Friday, March 21, 2008

အမှတ်(၁)မူလတန်းကြိုကျောင်း ဆရာကန်တော့ပွဲ ကျင်းပမည်

အမှတ်(၁)မူလတန်းကြိုကျောင်း ဆရာကန်တော့ပွဲကို ဧပြီ ၅ရက်တွင် ကျင်းပမယ်လို့သိရပါတယ်။
မူကြိုကျောင်းက ဆရာ၊ ဆရာမများဆိုတာ ကျောင်းကထွက်တာနဲ့မေ့သွားတတ်တဲ့မျိုးပါ။
အခု မူကြို-၁ကို ၆၆ခုနှစ်က စတင်ဖွင့်လှစ်ပြီး
နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲဖြစ်ပါတယ်။

မူကြို-၁ကနေ ဇော်ဝင်းထွဋ်၊ နေမျိုးဆေး၊ ခင်ဇာခြည်ကျော် စတဲ့ အနုပညာရှင်များနဲ့
အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပါတယ်။
ဆရာမများ ပင်စင်ယူပြီးနောက်မှာ သတိတရ ကန်တော့ဖြစ်တော့
အလွန်ကြည်နူးဖွယ်ပါ .  .

ဒါကြောင့် မန္တလေး မူကြို -၁ မှာ တက်ဖူးရင်
ဧပြီ ၅ ရက်ကို လာခဲ့ဖို့ ဖိတ်ခေါ်သလို အသိထဲမှာ ရှိရင်လဲ နှိုးဆော်ပေးပါဦးလို့ . . .

တပေါင်းလပြည့်နဲ့မန္တလေး

ကနေ့ကတော့ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်။
မန္တလေးမှာ တပေါင်းလပြည့်နေ့အဖြစ် အလှူပွဲများကတော့ များလှပါတယ်။
ရဟန်းခံ၊ ရှင်ပြုပွဲများကို
ဘုန်းတော်ကြီးကျောင်းတိုက်တော်တော်များများမှာ တွေ့ရပါတယ်။

စိတ်မကောင်းစရာကတော့ မနက်က နံနက်၉နာရီဝန်းကျင်မှာပဲ
မီးလောင်မှုတစ်ခုဖြစ်ပြီး သေဆုံးမှုရှိတယ်လို့(အတည်မပြုရသေးပါ) ကြားရလို့ပါ။
လမ်း၃၀၊ ၈၆လမ်းနားမှာပါ

ညနေပိုင်း အောင်တော်မူဘုရားဆွမ်းဆန်စိမ်းလောင်းလှူပွဲရှိပါတယ်။
ညနေ ၆နာရီလောက် မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှာ
ဆီမီးတစ်သောင်းပူဇော်ပွဲ ရှိကြောင်း . . .

ရွှေစာရံဘုရားပွဲ အစနေ့ဖြစ်သော်လည်း ပွဲတော် ကျင်းပနေတာတော့ ကြာပြီ ဖြစ်ပါတယ်

တပေါင်းလပြည့်နေမှာပဲ တောင်ပြုံးမှာ စစ်ပြန်ပွဲ ကျင်းပပါတယ်။
လေးလကြာ စစ်ထွက်ပြီး ပြန်တဲ့နေ့ဆိုပဲ . . .

ပွဲတွေကအများကြီးပါပဲ
ရာသီဥတုကတော့ အုံ့တုံ့တုံ့နဲ့ နေ အနည်းငယ်ပဲ ပွင့်ပါတယ်။

မိသားစုလိုက် ခရီးသွားသူတွေလည်း များပါ့ . . .

တပေါင်းသာခေါင် လများနောင် ဆိုတော့လည်း တပေါင်းလပြည့်မှာ ပွဲတွေ များလို့
ရာသီဥတု သာယာကြည်လင်တာပေါ့ . . .

ဂါထာ၆၀နဲ့မသီကျူးနိုင်တော့လည်း တပေါင်းလရဲ့ သာယာပုံကို ဖွဲ့ဆိုချင်သား . . .
မဖွဲ့တတ်တော့လည်း ခက်ပါတယ်ဗျာ . . .

Tuesday, March 18, 2008

ရတနာပုံတက္ကသိုလ် စာမေးပွဲဖြေဆိုခွင့် ဧပြီ၂ နောက်ဆုံးထား လျှောက်ထားရန်လို

ရတနာပုံတက္ကသိုလ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို
စာမေးပွဲဖြေဆိုမည့်သူတိုင်း
ဧပြီ၂ နောက်ဆုံးထား လျှောက်ထားရန်လိုအပ်ကြောင်း ကျောင်းသားရေးရာဌာနမှ သိရသည်။
နောက်ကျခြင်း၊ လျှောက်လွှာမတင်ပါက စာမေးပွဲ ဖြေဆိုခွင့်ရမည်မဟုတ်ဟုလည်း သိရသည်။

မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဒီဇိုင်းပြိုင်ပွဲ ဖိတ်ခေါ်

မန္တလေးမြို့တော်ဝန် မဏ္ဍပ်ဒီဇိုင်းပြိုင်ပွဲကို ၂၀ရက်နေ့ နောက်ဆုံးထားပြီး
ဌာနမှူး အဆောက်အအုံနှင့်ကုန်ရုံဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးကို ပေးပို့ရမှာဖြစ်ပါတယ်
မြန်မာ့ရိုးရာဒီဇိုင်းပုံစံဖြစ်ပြီး မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။
အသေးစိတ်ကို ဌာနမှူးထံ စုံစမ်းနိုင်ပါတယ် . . .
သင်္ကြန်အတက်နေ့မှာ ထိုက်တန်စွာ ဆုချီးမြှင့်မယ်လို့ သိရပါတယ်

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှာ ဒီလူတွေ ရှိမယ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊
မန်းစည်ပင် မြန်မာ့ဆိုင်းဝိုင်းတော်ကြီးနှင့်အတူ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏
သင်္ကြန်ယိမ်းအက၊အလှများနှင့်
မက်တယ်ဇုန်၊ သဘာဝရဲ့ရင်သွေးငယ်များ(စိုင်းထီးဆိုင်၏တေးဂီတအဖွဲ့)
စသည့်တေးဂီတအဖွဲ့များ အားဖြည့်လို့ ထားပါတယ်။

သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊
ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊
ရာဇာနေ၀င်း၊
ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့)
ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊
စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းစုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင်
သရုပ်ဆောင်များ အားပြည့်လို့ မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်မှာ
ဖျော်ဖြေမယ်လို့ သိထားရပါတယ်။

Mandalay FM Radio 91.9MHz ကနေ နားဆင်ရတော့မည်

မန္တလေး FM ရေဒီယို ထုတ်လွှင့်မှုများ မကြာခင်စတင်တော့မှာဖြစ်ပါတယ်
ဖော်အဲဗားဂရုမှ တာဝန်ခံထုတ်လုပ်မည်ဖြစ်ပြီး
ပြန်ကြားရေးဝန်ကြီးဌာနနှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ
ပူးပေါင်းစီစဉ် ထုတ်လုပ်တာပဲဖြစ်ပါတယ်။
ယခု စတင်ပြီး စမ်းသပ်ထုတ်လွှင့်မှုများအဖြစ် ဧပြီလ ၃ရက်မှာ စတင်မှာဖြစ်ပြီး
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
စတင်ထုတ်လွှင့်မှုမှာ မန္တလေးမြို့မှ မိုင်၅၀ပတ်လည်သို့ ရောက်ရှိမယ်လို့
ခန့်မှန်းထားပါတယ်။
မတ္တရာ၊ ပြင်ဦးလွင်၊ ကူမဲ၊ စစ်ကိုင်း တို့မှ နားဆင်နိုင်ဖြစ်ပါတယ်။
ထူးခြားမှုရှိတဲ့ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီး
ဆန်းသစ်ပြီး မန္တလေးကို ဗဟိုပြုတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ
ထုတ်လွှင့်မှုများကိုလည်း စီစဉ်ထားကြောင်း သိရပါတယ်။
အထူးသဖြင့် အခွေ မထုတ်နိုင်တဲ့ ဂီတချစ်သူ တေးသံရှင်များရဲ့
ကိုယ်ပိုင်သံစဉ်တေးသံများကိုလည်း ထုတ်လွှင့်ပေးဖို့ စီစဉ်ထားကြောင်း
သိရပါတယ်။
မန္တလေးကို ဗဟိုပြုပြီး အထက်မြန်မာပြည်တစ်ခုလုံး အတွက်
ကိုယ်စားပြုစီစဉ်ထုတ်လွှင့်သွားဖို့ ရှိတယ်လို့ လဲ ပြောကြားခဲ့ပါတယ်။

Mandalay FM Radio ကို နားဆင်မယ်ဆိုရင်တော့ 91.9 MHz ကနေ
ဖမ်းယူနားဆင်နိုင်မယ် ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။