Thursday, July 6, 2017

ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုကို အလွတ်တန်း အလုပ်လုပ်ကိုင်သူများ အတွက် အလုပ်ရှာပေးသော ပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုမှ ရရှိ

ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုကို အလွတ်တန်း အလုပ်လုပ်ကိုင်သူများ အတွက် အလုပ်ရှာပေးသော ပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုမှ ရရှိ
●     ဖန်တီးရာ Accelerator မှ Startup တစ်ခုဖြစ်သော Chate Sat (ချိတ်ဆက်)သည် ရင်းနှီးမြုပ်နှံသူ (၃) ဦးထံမှ ရင်းနှီးမြုပ်နှံမှုရရှိ

●     ချိတ်ဆက်မှ မြန်မာနိုင်ငံအတွင်းရှိ အလုပ်အကိုင် ရှာဖွေရေးဈေးကွက် ချဲ့ထွင်မှု


ရန်ကုန် ၊ မြန်မာ - မြန်မာနိုင်ငံ၏ ပထမဦးဆုံး Freelance platform ဖြစ်သည့် Chate Sat (ချိတ်ဆက်)သည် ပြည်တွင်း နှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုအဖွဲ့အစည်း (Venture Capital Firms) များထံမှ ဒေါ်လာ သိန်းဂဏန်း (six figure) တန်ဖိုးရှိသည့် ရင်းနှီးမြုပ်နှံမှုများကို ဇူလိုင်လ (၆) ရက်နေ့၊ ကြာသတေးနေ့တွင် ရရှိခဲ့ပါသည်။

အဆိုပါ ရင်းနှီးမြုပ်နှံမှုများတွင် ပြည်ပမှ Venture Capital Firms များ နှင့် ပြည်တွင်းမှ မျိုးဆက်သစ် လုပ်ငန်းရှင်များ ပါဝင်ကြပြီး မြန်မာနိုင်ငံတွင်းရှိ နည်းပညာ startup လုပ်ငန်းများ ကဏ္ဍတွင် ၄င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို ဆက်လက်တိုးချဲ့ရန် စိတ်ပါဝင်စားနေကြသောကြောင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံကြသူများမှာ စင်္ကာပူ အခြေစိုက် Vulpes Investment Management Ltd., ၊ Theta Capital နှင့် ပြည်တွင်းမှ ရင်းနှီးမြုပ်နှံသူ တစ်ဦးတို့ ဖြစ်ပါသည်။ Vulpes နှင့် Theta တို့သည် လက်ရှိ six figure ရင်းနှီးမြုပ်နှံမှု အပြီးတွင် နောက်ထပ် ရင်းနှီးမြုပ်နှံမှုများလည်း  Chate Sat ဖြင့် ဆက်လက်ပြုလုပ်ကြမည်ဖြစ်ပါသည်။


ချိတ်ဆက်မှ CEO နှင့် Co-Founder ဖြစ်သူ မဟန်နီမြဝင်းက အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။

“ပြည်တွင်းပြည်ပက နည်းပညာ ရင်းနှီးမြုပ်နှံသူတွေက မြန်မာနိုင်ငံက နည်းပညာ လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ မျက်စိကျနေတာ ကြာပါပြီ။ နည်းပညာတွေ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ပြည်တွင်း နည်းပညာ startup တွေလုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ ရရှိနိုင်တယ် ဆိုတာ ဒီနေ့မှာ သက်သေပြနိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်လာတာနဲ့အမျှ (၅၃) သန်းသော နိုင်ငံသူ နိုင်ငံသား တွေအတွက် အလွတ်တန်း အလုပ်အကိုင်များကို ချိတ်ဆက်အနေနဲ့ ဖန်တီးပေးချင်ပါတယ်။”

ယခုအခါတွင် အလွတ်တန်း အလုပ်လုပ်ကိုင်သူ (freelancers) ၄၅၀၀ ကျော်နှင့် အလုပ်ခန့်လိုသူ (အလုပ်ရှင်) ၇၇၀ ကျော်တို့သည် အလုပ်ရှာဖွေရန်နှင့် အလုပ်ခန့်ထားရန် Chatesat.com ကို အသုံးပြုလျက်ရှိကြပါသည်။ ၂၀၁၇ နှစ်ကုန်တွင် အလွတ်တန်း အလုပ်လုပ်ကိုင်သူ ၈,၀၀၀ ကျော် နှင့် အလုပ်ရှင် ၂,၀၀၀ ခန့် ရရှိရန် စီစဉ်ထားပြီးဖြစ်သည့်အတွက်ကြောင့် ရန်ကုန်မြို့တွင်သာမကပဲ မန္တလေး ၊ နေပြည်တော်နှင့် တောင်ကြီး မြို့များစသည့် အလုပ်ရှာဖွေရန် အလားအလာကောင်းသော နေရာများ၌ လုပ်ငန်း တိုးချဲ့မည်ဖြစ်ပါသည်။

ဖန်တီးရာ၏ CEO ဖြစ်သူ Mr. Jes Kaliebe Petersen မှ အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ အလုပ်ရှာတဲ့ Online platform တွေက တဟုန်ထိုး လုပ်ငန်းချဲ့ထွင်လာကြပါပြီ။ ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေဆီကနေ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို တစ်ချို့သော အလုပ်ရှာတဲ့ Online platform လုပ်ငန်းတွေက ရရှိထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာတာနဲ့အတူ ပြည်တွင်းနဲ့ ပြည်ပက ကုမ္ပဏီတွေဟာ ပြည်တွင်းက လူ့စွမ်းအားတွေကို အလုအယက် ရှာဖွေနေကြပြီဖြစ်ပါတယ်။”

Mr. Jes Kaliebe Petersen က ဆက်လက်ပြောကြားခဲ့သည်မှာ

“မြန်မာနိုင်ငံက စမတ်ဖုန်း နဲ့ data (အင်တာနက်) အသုံးပြုမှုနှုန်းက ဒေသတွင်း နိုင်ငံတွေထဲမှာ အမြင့်မားဆုံးအဆင့်မှာ ရှိပါတယ်။ သန်းချီတဲ့ ပြည်သူတွေက နေ့စဉ် အင်တာနက် အသုံးပြုနေကြပြီး အလုပ်လိုအပ်မှုတွေလည်း အမြောက်အများ ရှိနေပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး အလုပ်ရှာဖွေနေတဲ့သူတွေ ကို စီးပွားရေးလုပ်ငန်းတွေ နဲ့ ချိတ်ဆက်ပေးတဲ့လုပ်ငန်းရဲ့အလားအလာက တော်တော်ကြီးမားပါတယ် ။ ချိတ်ဆက်က ဖန်တီးရာ Accelerator အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူရဲ့လုပ်ငန်းက အလုပ်ရှာနေတဲ့ ဈေးကွက်ထဲမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးတဲ့ ကဏ္ဍတစ်ခုဖြစ်တာကြောင့် သေချာပေါက်အောင်မြင်မယ်လို့ သိထားပြီးဖြစ်ပါတယ်။ ချိတ်ဆက်က မြန်မာနိုင်ငံမှာ “gig economy” ကို ပထမဆုံး စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ချိတ်ဆက်သည် ဖန်တီးရာ Accelerator အမှတ်စဉ် ၁ တွင် ပါဝင်ခဲ့သော လုပ်ငန်း လေးခုအတွင်းမှ တစ်ခုဖြစ်ပါသည်။ ချိတ်ဆက်သည် ဖန်တီးရာ Accelerator အမှတ်စဉ် (၁) ၏ ပထဆုံးသောနေ့ (စက်တင်ဘာ ၊ ၂၀၁၆) တွင် Chatesat.com ကို စတင်တင်ခဲ့ပါသည်။  ချိတ်ဆက်သည် ဖန်တီးရာ Accelerator အစီအစဉ်တွင် ပါဝင်ခဲ့သော ၆ လတာ ကာလအတွင်း အလွတ်တန်း အလုပ်လုပ်ကိုင်လိုသူ ၃၄၀၀ ကျော် နှင့် အလုပ်ရှင် ၅၉၀ ကျော် ရရှိခဲ့ပါသည်။ နောက်လာ မည့် ၁၈ လအတွင်း Series A funding ကို ရရှိရန်လည်း ပစ်မှတ်ထားပြီးဖြစ်နေပါသည်။ ဖန်တီးရာအနေဖြင့်လည်း ချိတ်ဆက်နှင့် ဆက်လက်လုပ်ကိုင်မည်ဖြစ်ပြီး  ရင်းနှီးမြုပ်နှံသူအနေဖြင့်ပါ ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

ချိတ်ဆက်အကြောင်းကို ပိုမိုသိရှိလိုပါက www.chatesat.com/ တွင်လည်းကောင်း ၊ Facebook page ဖြစ်သော https://www.facebook.com/ChateSat/ တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည် ။

ဖန်တီးရာ Accelerator အမှတ်စဉ် (၂) အတွက် ဝင်ခွင့် လျှောက်လွှာကို ဇွန်လ ၈ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ လျှောက်လွှာလက်ခံမှာဖြစ်ပါသည်။  ၂၀၁၇ ၊ သြဂုတ်လတွင် Startup လုပ်ငန်းပေါင်း ၁၀ ခုကို ရွေးချယ်မည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် စက်တင်ဘာလ ၂၀၁၇ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ခြောက်လတာ ကြာမြင့်ကာ မတ်လ ၂၀၁၈ တွင် ရင်းနှီးမြုပ်နှံသူများရှေ့တွင် မိမိတို့လုပ်ငန်းများကို  တင်ဆက်ပြသရမည်ဖြစ်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက accelerator.phandeeyar.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။