Friday, June 30, 2017

မြန်မာနိုင်ငံအနေနှင့် ဓာတ်အားလိုင်း ကွန်ယက်ငယ်များမှတဆင့် လျှပ်စစ်ဓာတ်အား ပိုမို ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်။
 Oxford Business Group ၏ Editorial Manager ဖြစ်သူ Rey Davis Tuplano မှ ရေးသားသည်။

 မြန်မာနိုင်ငံအနေနှင့် ၁၅ နှစ်တာကာလအတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာရေးနှင့် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးရရှိရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် နိုင်ငံတွင်း၌ သီးသန့်လျှုပ်စစ် ဓာတ်အားပေး ကွန်ယက်များ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။

မေလလယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေနှင့် ကျေးလက်ဒေသများရှိ သီးသန့် လျှုပ်စစ်ဓာတ်အားပေး ကွန်ယက်စီမံကိန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ စီမံကိန်းများ အရ ကျေးရွာ ၁၀ ရွာအား သီးသန့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်များဖြင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ဝေးလံခေါင်းပါးသော ဒေသများတွင် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်မှု စီမံကိန်း၏ ရှေ့ပြေးအစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ 


၂၀၂၁ ခုနှစ်တွင် ဝန်ကြီးဌာနအနေနှင့် အိမ်ခြေပေါင်း ၃၅,၀၀၀ ကျော်အား သီးသန့်လျှပ်စစ် ဓာတ်အားပေး ကွန်ယက်စနစ်များဖြင့် ချိတ်ဆက်ပေးခြင်းဖြင့်လည်းကောင်း၊ နောက်ထပ် နေအိမ်ပေါင်း ၄၆၀,၀၀၀ အား နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်များဖြင့် လည်းကောင်း လျှပ်စစ်မီး ရရှိစေရေး ဆောင်ရွက်သွားရန် မျှော်မှန်းထားသည်။ အဆိုပါ စီမံကိန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သူမှ ကြေညာခဲ့ပြီး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ၊ ပြည်နယ်အစိုးရများနှင့် နိုင်ငံတကာမှ အကူအညီများ ရရှိရန် လိုအပ်သည်ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သီးသန့်လျှပ်စစ် ဓာတ်အားပေး ကွန်ယက်တွေကနေပြီး လျှပ်စစ် ဓာတ်အား ပမာဏ ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ ဖြစ်ပြီး စီမံကိန်းရဲ့ ပထမ ၅ နှစ်ကာလမှာ အိမ်ခြေပေါင်း ၅၀၀,၀၀၀ ခန့်ကို လျှုပ်စစ်မီး ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။” ဟု ဦးအောင်သူမှ ပြောကြားခဲ့သည်။ ထို့အပြင် “ဒီရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ ပုဂ္ဂလိကကဏ္ဍ ရဲ့ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အရမ်းကို အရေးပါပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့သည်။ 

ရေရှည် စွမ်းအင်ရရှိရေး စီမံကိန်း

၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည့် အမျိုးသား လျှုပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်း (NEP) အရ မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှုပ်စစ်မီး ရရှိရေးအတွက် အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံ အထိ အသုံးပြု ဆောင်ရွက်သွားရန် ရည်မှန်းထားသည်။ ကမ္ဘာ့ဘဏ်မှ နောက်ဆုံးရရှိထားသော အချက်အလက်များအရ ပင်မ ဓာတ်အားလိုင်းသည် နောက်ပိုင်းနှစ်များတွင် ပိုမို ကျယ်ပြန့်လာပြီး မြို့ပြဒေသများသို့ လျှပ်စစ်ဓာတ်အား စီးဝင်မှု ပမာဏ ပိုမိုများပြားလာသော်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း လျှုပ်စစ်မီးရရှိမှု ပမာဏမှာ ၃၃ ရာခိုင်နှုန်းသာရှိပြီး ကျေးလက်ဒေသများတွင်မူ ၁၆ ရာခိုင်နှုန်းသာ ရှိကြောင်းသိရသည်။

ပိုမိုကျယ်ပြန့်လာသော ဓာတ်အားလိုင်းစနစ်သည် လျှပ်စစ်မီးရရှိရေး အတွက် အဓိကတိုးမြှင့်ပေးမည့် အရာတစ်ခု ဖြစ်သော်လည်း အမျိုးသား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်း (NEP) အရ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိနိုင်ရန် အတွက် သီးသန့်လျှပ်စစ် ဓာတ်အားပေးစနစ် ကွန်ယက်များနှင့် နေအိမ်တစ်လုံးချင်းစီ သို့မဟုတ် လူနေအိမ်ခြေ အနည်းငယ်စီအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှုပ်စစ်ဓာတ်အားပေး စနစ်များ ဖော်ဆောင်ရန် အတွက်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်သည်။

 ထို့အပြင် ပင်မ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရန်မှာ ငွေကြေးကန့်သတ်ချက် ရှိသဖြင့် အချို့သော လူနေအိမ်များ အနေနှင့် ရေရှည်တွင် သီးသန့် လျှပ်စစ်ဓာတ်အားပေး စနစ်ကွန်ယက်များအား ပိုမို မှီခိုလာကြရမည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်မှလည်း အမျိုးသား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အား ပေးအပ်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ဂျာမနီနိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အေဂျင်စီ တစ်ခုဖြစ်သော GIZ တို့အပြင် နိုင်ငံတကာမှ ငွေကြေးချေးဌားသူများသည်လည်း အဆိုပါ ရည်မှန်းချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကူညီမှုများ ပြုလုပ်လာကြသည်။ 

အခြေခံအုပ်မြစ် လိုအပ်နေသေးခြင်း 

လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှပ်နှံမှုမှ ပြန်ရရန် ပိုမိုသေချာသော အလားအလာများနှင့်အတူ သီးသန့်လျှုပ်စစ် ဓာတ်အားပေး ကွန်ယက်များ တည်ဆောက်မှုအပေါ် အာရုံစူးစိုက်မှုမှ ၀န်ဆောင်မှုနှင့် ကုန်ပစ္စည်း ပံ့ပိုးသူများသာမက ပြန်လည်အသုံးပြုနိုင်တဲ့ပုဂ္ဂလိကစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများအတွက်အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန်ကတိပြုပါသည်။ 

သို့သော်လည်း ပါရမီစွမ်းအင်လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် Ken Tun မှ ပြန်လည်အသုံးပြုနိုင်သော ပုဂ္ဂလိကစွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်များ ဖန်တီးရန် လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။ 

 ပြန်လည်အသုံးပြုနိုင်တဲ့ ပုဂ္ဂလိကစွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းတွေကို ကြည့်ရတဲ့အခါမှာ မသေချာမှုတွေ အများကြီးရှိနေပြီးတော့ အကောက်ခွန်ဟာ တစ်ခုအပါအ၀င်ဖြစ်နေပါတယ်။ အိန္ဒိယအစရှိတဲ့ ဈေးကွက်တွေဆို ကောင်းမွန်တဲ့ မှုဝါဒရှိတဲ့ ပတ်ဝန်းကျင်နဲ့ တစ်ကီလိုဝပ်ကို တစ်နာရီ အခွန် ၀.၀၅ ဒေါ်လာ ပတ်ဝန်းကျင်မှာ သုံးစွဲနိုင်ရန် ဘဏ္ဏာရေးစီမံကိန်းတွေ ထားရှိနေကြပါပြီ။” ဟု ၄င်းမှ OBG ကို ပြောကြားခဲ့ပါသည်။ “လက်ရှိ ဓာတ်အားလိုင်း ကွန်ယက်တွေအနေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအား အရင်းအမြစ်တွေကနေ စွမ်းဆောင်ရည် ပိုမိုရရှိနိုင်ဖို့ နည်းပညာပိုင်း လေ့လာမှုတွေ လုပ်သင့်ပါတယ်။ ဆိုလိုချင်တာကတော့ အစိုးရအနေနဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ပုဂ္ဂလိကစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းတွေကိုအတည်ပြုဖို့အချိန်ပိုယူသင့်ပါတယ်။”

 ဖွံဖြိုးမှုနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် အဟန့်အတားဖြစ်ခြင်း

ဆက်သွယ်ရေး လိုအပ်ချက်များသည် မြန်မာ့ကျေးလက်ဒေသများ၏ စီးပွားရေးတိုးတက်မှု အထူးသဖြင့် ဆက်သွယ်မှုအခန်းကဏ္ဍကို နှောင့်နှေးစေပါသည်။
မိုဘိုင်းဖုန်းအော်ပရေတာများအနေနှင့် နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံပေးနိုင်သော်လည်း ဈေးကွက်၏ နောက်ဆုံး ၂၀ ရာနှုန်းမှာ အဓိကအားဖြင့် ပြည်တွင်းရေးပဋိပက္ခ၊ သွားလာချိတ်ဆက်မှုများ အားနည်းခြင်းနှင့် လျှပ်စစ်ဓာတ်အား ပေးစွမ်းနိုင်မှုလျော့ကျခြင်းတို့ကြောင့် ၀င်ရောက်ရန် ခက်ခဲနေပေသည်။

“လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိခြင်းက အခြေခံတယ်လီကွန် အဆောက်အအုံ တိုးချဲ့မှုကို နှေးကွေးစေပြီး ပြုပြင်ထိန်းသိမ်းရေးဈေးနှုန်းတွေကို ပိုမိုစေပါတယ်” ဟု ABC Telecomm ၏ CEO ဒေါ်ဖြူဖြူဝင်းမှ OBG ကိုပြောကြားခဲ့ပါသည်။ တယ်လီကွန်တာဝါ ကုမ္ပဏီတစ်ခု ဖြစ်သည့် Apollo Towers ၏ CEO Philippe Luxcey မှ တိုးချဲ့မှုအကြောင်း ရင်းအပေါ် ယခုလို ပြောကြားခဲ့ပါသည်။

“လူနေအိမ်နည်းပါးတဲ့ နေရာမှာရှိတဲ့ တောင်ကုန်းဒေသတွေမှာ လျှပ်စစ်ဓာတ်အားပေးစက်တွေကို သယ်ယူလာပြီး ထိန်းသိမ်းရတာဟာ အလွန်ခက်ခဲတာကြောင့် ပြုပြင် ထိန်းသိမ်းရေးမှာ စိန်ခေါ်မှုတစ်ခု ဖြစ်စေပါတယ်။ ဒါ့အပြင် အော်ပရေတာတွေအနေနဲ့ ထောက်ပံ့ဖို့ ဆန္ဒမရှိတဲ့၊ အသင့်မဖြစ်သေးတဲ့ အခြားကုန်ကျစရိတ်တွေ အများကြီးရှိပါတယ်။”

No comments: