မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီ . . . . . . . . . . . . . . . .
ဆရာကြီး အချုပ်တန်းဆရာဖေရဲ့ ရင်တွင်းမချိ အမျိုးထိဆဲသံကို ကြားယောင်နေပါတယ်ဗျာ . . .
Tuesday, September 25, 2007
ယနေ့မန္တလေး
ဒီအချိန်ထိတော့ ထူးထူးခြားခြားသတင်းမကြားရသေးပါဘူး . . .
မနေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာများထုတ်ပြန်ပြီးနောက်မှာ
ယနေ့ မန္တလေးမှာ လှုပ်ရှားမှုမရှိသေးဘူးလို့ ယူရမလိုပါဘဲ . . .
ကျွန်တော်ကြားသိသမျှတော့ အေးချမ်းငြိမ်သက်စွာ သွားလာလှုပ်ရှားလျက်ရှိနေပါတယ် . . .
မနေ့ကတော့ တစ်မြို့လုံးအနှံ့ သံဃာတော်များစီတန်းလျက် ဖူးတွေ့ရပါတယ် . . .
တော်တော်ကိုများမယ်ထင်ပါတယ် . . .
သံဃာ စုစုပေါင်း ၁၀၀၀၀နီးပါးက ကိုယ့်အဖွဲ့နှင့်ကိုယ် စီတန်းမေတ္တာပို့ကြတာကို မြင်တွေ့ရပါတယ် . ..
ဒါကြောင့်မနေ့က
ဈေးချို ညနေ ၃နာရီကျော်ကျော်ခန့်တွင် ဆိုင်များက အလျှိုအလျို ပိတ်လို့ ပြန်ကုန်ကြပါတယ် . . .
အရောင်းအ၀ယ်အေးပြီး ဈေးဝယ်သူမရှိတော့ ဆိုင်ပိတ်ပြန်ကြတာလို့ သိရပါတယ် . . .
ကျောင်းမှာလဲ ကျောင်းသားမိဘများက သား၊သမီးများကို စိတ်မချလို့ ကျောင်းပေါက်ဝမှာ စောင့်နေတာကို တွေ့ခဲ့ရပါတယ် . . .
ဒီကတော့ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်နေကြပါပြီ . . .

မန္တလေး ဆောင်းဝင်တော့မည်
ဒီရက်ပိုင်း ညနေဘက်မှာ သိသိသာသာ အေးလာတာကို ခံစားရပါတယ် . . .
အရင်ရက်တွေက ညနေဘက်ဆို နေ၀င်ချိန်စောလာပါတယ် . . .
ဒါဟာ ဆောင်းဝင်တော့မယ့်အရိပ်နမိတ်တွေပါပဲ . . .
ဒီနှစ်က ၀ါထပ်တော့ တော်သလင်းဆိုပေမယ့် သီတင်းကျွတ်ဖြစ်ရမှာဆိုတော့ . . .
ဆောင်းဝင်ပြီပေါ့ဗျာ . . .
ဆောင်းရောက်တော့ အချုပ်တန်းဆရာဖေရဲ့
မန္တလေးဆောင်းကို သရုပ်ဖော်တဲ့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တဲ့ ဆရာကြီးရဲ့ ကဗျာလေးကို သတိရမိလေရဲ့ . . .
ဒီတစ်နှစ်တော့ မန်းဆောင်း ချမ်းမလား၊ အေးမလားကတော့ စောင့်ရဦးမှာပါပဲ . . .
စောစောဆောင်းဝင်တော့ စောစော အနွေးထည်တွေဝတ်လို့ ဖက်ရှင်တစ်မျိုးမြင်ကြရဦးမှာပေါ့ဗျာ . . .

Monday, September 24, 2007
အိုးပုတ်ပွဲ (လမ်းလယ်ဘုရားပွဲ) စတော့မည်
မကြာခင်မှာ လမ်း၃၀မှာရှိသော လမ်းလယ်ဘုရားပွဲ စတင်ပါတော့မယ် . .
ထူးခြားတာက အဲဒီဘုရားပွဲမှာ အိုးပုတ်သည်(မြေထည်ပစ္စည်းသည်)များ ပါဝင်တာပဲဖြစ်ပါတယ် . . .
အခု အိုးပုတ်သည်များ ရောက်ရှိလို့နေပါပြီ . . .
ဘုရားပွဲက သီတင်းကျွတ်လပြည့်မတိုင်ခင်ဖြစ်တာကြောင့် သီတင်းကျွတ်မှာ ဆီမီးထွန်းစရာအတွက် ဆီမီးခွက်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် လိုချင်သလောက်ရနိုင်ပါတယ်ခင်ဗျာ . . .
ကလေးများအတွက် မြန်မာ့ကစားစရာ အိုးပုတ်များကိုလည်း ရောင်စုံချစ်စဖွယ်တွေ့မြင်ရပါမယ် . . .
ကျွန်တော်ဒီနေ့ အပြင်ထွက်တော့ ကင်မရာမယူသွားတာကြောင့် နောက်နေ့မှ ဓာတ်ပုံရိုက်တင်ပေးပါ့မယ်ဗျာ . .

Sunday, September 23, 2007
ယနေ့ မန္တလေး
ဒီကနေ့ မန္တလေးမှာ ကျွန်တော်မြင်ရ ကြားရသည်များကို ပြောပါဦးမယ် . . .
မနက်ပိုင်းက ဘုရားကြီးနားမှာ သံဃာတော်များ စီတန်းလမ်းလျှောက်ကာ တရားဒေသနာတော်များရွတ်ဖတ်ကြတယ်လို့ ကြားသိရပါတယ်. . .
ရှေ့ဆုံးမှ ဘုရားပုံတော်ကားကို ပင့်ဆောင်ပြီး သာသနာ့အလံ သုံးလက်၊ နောက်တွင် သပိတ်များကို မှောက်ကိုင်ဆောင်သော ရဟန်းသုံးပါး၊ နောက်မှ ရဟန်းတော်များ စီတန်းလို့ လိုက်ပါတယ်လို့ ကြားသိရပါတယ် . . .
ထိုနည်းတူ တောင်မြို့တွင်လည်း လျှောက်ကြကြောင်း သိရပါတယ်. . .
မွန်းလွဲ ၁၂း၄၅ ခန့်
အိမ်တော်ရာဘုရားအတွင်းသို့ အနီးပတ်ဝန်းကျင်ကျောင်းများမှ ရဟန်းတော်များ ၀င်ရောက်လာတာမြင်ခဲ့ရပါတယ်. . .
၁နာရီမှာတော့ အိမ်တော်ရာဘုရား ၁၄ခန်း ဓမ္မာရုံးကြီးမှစတင်လို့ သုံးပါးတွဲ အတွဲ ၂၀၀ခန့် စီတန်းလို့ ကြွချီလာပါတယ် . . .
ရှေ့ဆုံးမှ သာသနာ့အလံ ၃လက်၊ နောက်က သပိတ်အားမှောက်ကိုင်ဆောင်ထားသော ရဟန်းတော် သုံးပါး၊
နောက်က ၃ပါးတစ်တွဲနဲ့ အတွဲ ၂၀၀ခန့် စုစုပေါင်းအင်အား ၆၅၀ခန့် လမ်းလျှောက်ကြွချီလာတာကို ဖူးတွေ့ရပါတယ်. . .
သံဃာတော်များဟာ တရားဒေသနာတော်များရွတ်ဆိုပွားများကာ အေးချမ်းစွာ ကြွတော်မူကြပါတယ်. . .
လမ်းဘေးဝဲ၊ယာမှ ပြည်သူများသည်လည်း အေးချမ်းစွာ ဖူးမြော်ကြတာကို တွေ့ရပါတယ် . . .
၂၆လမ်းမှ ၈၄လမ်း
၈၄လမ်းမှ ၃၅လမ်း
၃၅လမ်းအတိုင်း အနောက်ဆင်းကာ အိမ်တော်ရာဘုရားဆီကို ပြန်လည်ကြွသွားတယ်လို့ မှန်းဆရပါတယ် . .
နောက်ဆုံး ၃၅လမ်းမှာဖူးရတော့ ၂နာရီ၁၅လောက်ရှိတာမို့ ကြာချိန် ၁နာရီခွဲလောက် လမ်းလျှောက်ကြတာလို့ ထင်ပါတယ် . . .
ဖိနပ်မပါ၊ လက်ကတော့ထိုး သင်္ကန်းဝတ်ရုံလို့ ကြည်ညိုဖွယ်သံဃာတော်များကို အအေးဘူးများ ကပ်လှူကြတာတွေ့ရပါတယ်ခင်ဗျာ . . .
ထို့အတူပဲ မြတောင်တိုက်ကလို့ ယူဆရတဲ့ သံဃာတော်များကိုလည်း ဈေးချိုနားမှာ ဖူးတွေ့ရပါတယ် . .
အိမ်တော်ရာမှ သံဃာတော်များနဲ့ ရှေ့ဆင့်နောက်ဆင့်ပါပဲ
တောင်ဘက်မှ တက်လာသော သံဃာတော် ၅၅၀ပါးခန့်ကို ၃ပါးစီတန်းလျက် ဖူးရပါတယ်. . .
ဘုရားကြီးနှင့်မျက်နှာချင်းဆိုင်ရှိ တောင်ပြင် ထီးလင်းတိုက်(ဟုထင်ပါသည်) ထဲသို့ သံဃာတော် အပါး၁၀၀ခန့် ၃ပါးစီ စီတန်းလို့ ၀င်သွားတာကို ဖူးတွေ့လိုက်ရပြန်တယ် . . .
သေချာတာတစ်ခုကတော့ သံဃာတော်များ သင်္ကန်းရုံပုံတူညီပါတယ်၊ ဖိနပ်မစီးတာ ၊ သုံးယောက်တန်းစီတာ၊ ရှေ့ဆုံးက သာသနာ့အလံပါတာ၊ သပိတ်များကို မှောက်လို့ကိုင်ဆောင်တာ . . .
တူညီကြပါတယ် ခင်ဗျာ . . .
လမ်းဘေးဝဲယာက လူများကလည်း သံဃာတော်များကို ကြည်ညိုစွာ ဖူးမြော်ကြတာတွေ့ရပါတယ် . . .
တချို့ အအေးဘူးများကပ်လှူကြပါတယ်ဗျာ . . .
ကျွန်တော် ဓာတ်ပုံများနှင့်တကွ တင်ချင်သော်လည်း
ဓာတ်ပုံမှာ ပါသွားမည့် သံဃာတော်များရဲ့ နောင်ရေးကို တွေးလို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့တော့ပါ . . .
ကနေ့ ကျွန်တော်တွေ့ခဲ့တဲ့ သံဃာတော်အရေအတွက်ကတော့ အားလုံး ၁၅၀၀ခန့်ရှိကြောင်းပါခင်ဗျာ . . .

Subscribe to:
Posts (Atom)