Wednesday, June 14, 2017

ကြည်နူးဖွယ်ဖြစ်ရပ်လေး

ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံ

မနေ့က အိမ်အပြန်လမ်းမှာ ကြည်နူးဖို့ကောင်းတဲ့ ဖြစ်ရပ်လေး ဖြစ်ခဲ့ပါတယ်။

ည ၈နာရီခွဲကျော်လို့ ၉နာရီထိုးတော့ပါမယ်။

ဆူးလေ မှတ်တိုင်မှာ လိုင်းကားတွေက သိပ်မရှိတော့ပါဘူး။

အဲဒီအချိန်မှာ အောင်မင်္ဂလာ ၁၀၀၀ ကား တစ်စီး ရောက်လာပါတယ်။ မြောက်ဥက္ကလာ အဝေးပြေး ဆိုပြီး လူခေါ်နေတာပေါ့။

အချိန်ကလည်း မိုးချုပ်၊ မိုးကလည်း ရွာထားတော့ မတတ်နိုင်ဘူး ၁၀၀၀ ကားပဲ စီးပြန်မယ်ဆို ကားပေါ် တက်တော့ လူသိပ်မပါသေးဘူး။ ၄ယောက်ပဲပါတယ်။

ကားသိမ်းချိန်ဆိုတော့ စပယ်ယာက လူခေါ်ရင်း တန်းထွက်လာတာ။ ဆူးလေး လူကူးခုံးကျော်အောက်နားမှာ လူတစ်ယောက်က မေးတယ်။ အောင်မင်္ဂလာ အဝေးပြေးရောက်လားတဲ့။

စပယ်ယာက ရောက်တယ်လာ တက်တက် ဆိုတော့ တစ်ယောက်ဘယ်လောက်လဲ တဲ့

စပယ်ယာက တစ်ယောက် တစ်ထောင် ဆိုတော့ ဟိုက မစီးတော့ဘဲ နောက်ဆုတ်သွားတယ်။
စပယ်ယာက ထပ်မေးတယ်။ ပိုက်ဆံမပါလို့လားတဲ့။
ဟိုက ၅၀၀ ပဲ ပါတော့လို့ပါ လို့ ပြန်ဖြေတော့ စပယ်ယာလုပ်သူက တက်တက်၊ ပိုက်ဆံ တကယ်မပါရင် စီးလို့ရပါတယ်ဗျာ . . . တဲ့



သူလည်းကားပေါ်ရောက်ရော ကားပေါ်က အမျိုးသမီးတစ်ယောက်က ကားခပေးရင်း စပယ်ယာကို ဟိုလူအတွက်ပါယူလိုက်ပါဆိုပြီး ၂၀၀၀ ထုတ်ပေးရော။

စပယ်ယာကလည်းနေပါစေ ဆိုတော့
အဲဒီ ညီမက ရပါတယ် ကျွန်မ လှူတဲ့သဘောပါတဲ့။

ကားပေါ် ၅၀၀ပဲပါတဲ့ ညီလေးက ကျေးဇူးတင်စကားပြောရင်း
ကျွန်တော်က အလုပ်လာရှာတာ၊ အလုပ်ကလည်းမရ၊ ပြန်ဖို့ ခက်သွားတာပါလို့ ပြောတယ်။
အဲဒီမှာ ရှေ့ခေါင်းခန်းက စီးလာတဲ့ အမျိုးသမီးတစ်ယောက်က လှည့်မေးတယ်။

အလုပ်ကြမ်း လုပ်နိုင်လားတဲ့
သူက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်နေတာပါတဲ့

အဆောက်အဦး ဆောက်တဲ့ လုပ်ငန်းခွင်မှာ အောက်ကနေ အပေါ် ၅ထပ်လောက်ထိ ကျောက်၊ အုတ်၊ သဲ စတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ရမယ်တဲ့
တစ်ရက် ၇၅၀၀ ရမယ်လို့ ပြောတယ်။

ဟို ညီလေးလည်း ၀မ်းသာအားရ လုပ်နိုင်ပါတယ်ပေါ့။
မနက် အလုပ်လာဆင်း၊ ကဲ ညီလေး ဖုန်း ညီမလေး ပေးလိုက်၊ မနက်ကျ ဘယ်နား အလုပ် လာရမလဲ သိရအောင် လို့ ကြားက ပွဲစားဝင်လုပ်မိပါတယ်။

ကျွန်တော်မှာ ဖုန်းလည်း မရှိပါဘူးတဲ့ . . .

ဒါဆို ဘယ်မှာနေလဲ ဆိုတော့

မိဘတွေလဲ မရှိတော့လို့ ဘုန်းကြီးကျောင်းခဏ တည်းနေတာပါတဲ့ . . .

ကျွန်တော့်တို့တစ်တွေလည်း မနက်ကျ ဆူးလေ ကားဂိတ်မှာပဲ စောင့်ကြဖို့၊ ဘယ်လို ဆုံကြမယ်ဆိုတာ စီစဉ်ပေးကြရင်း အိမ်အပြန်ခရီးဆက်ခဲ့ကြတာပေါ့ဗျာ။

ကူညီနိုင်ကြသူတွေက တစ်နိုင်တစ်ပိုင် ကူညီကြရင်း ဘ၀အမောတော့ အနည်းငယ် လျော့ပါးစေတာပေါ့။

ကိုယ့်စိတ်ထဲမှာတော့ ထဲထဲဝင်ဝင် ဘာမှ မကူညီနိုင်လိုက်ပေးမယ့် အဆင်ပြေသွားတဲ့ လူတစ်ယောက်ကို ဘေးကနေ ကြည်နူးပီတိဖြစ်ရပါတယ်။

ဒီလို ကြည်နူးဖို့ ကောင်းတဲ့ ဖြစ်ရပ်လေးတွေ အမြဲ မြင်တွေ့ခွင့်ရချင်မိပါတယ်။

No comments: