Wednesday, June 25, 2008

မုန်တိုင်းဒဏ်သင့်သူများအတွက် ဇာတ်မင်းသားများ စုပေါင်းကလို့ ရန်ပုံငွေရှာမည်

ရန်ကုန်၊ မန္တ္တလေးစတဲ့ နေရာစုံက ဇာတ်မင်းသားများ စုပေါင်းလို့
ယနေ့မှစပြီး ၃ရက်တိုင်တိုင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ စုပေါင်းလို့
ကပြပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ရန်ပုံငွေ ရှာဖွေကြပါမယ်။

ယနေ့ ည ၇နာရီမှ ၁၁နာရီထိ ကပြဖျော်ဖြေပါမယ်။

မန္တလေးက ၀င်းနောင်၊ လှိုင်ဘွားအောင်စတဲ့ ဇာတ်သဘင်အလှဆင်သူများနဲ့အတူ
ချမ်းသာ၊ နန်းဝင်း၊ မိုးမင်း
ဖိုးချစ်၊ တင်ဇာမိုးဝင်း၊ စတဲ့ မင်းသားများနဲ့အတူ မင်းသားပေါင်း ၃၀ကျော် ပါဝင်ကပြပါမယ်

လက်မှတ်က တစ်သောင်း၊ ခုနစ်ထောင်၊ ငါးထောင် ဖြစ်ပါကြောင်း . . ..

လက်မှတ်လဲ တော်တော်ရောင်းရတယ်လို့ ကြားရပါတယ်။

Saturday, June 21, 2008

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီ

ကနေ့ မနက်ပိုင်းမှာပဲ မျှော်လင့်နေကြတဲ့ တက္ကသိုလ်ဝင်တန်း (၁၀တန်း)အောင်စာရင်း ထွက်ပါတယ်။
အောင်သူပျော်
ဂုဏ်ထူးပါသူမော်
ရှုံးသူတော့ကတော့ . . .
 
ရပ်ကွက်ထဲလဲ ကျတဲ့အိမ်က ဆူသံ ငိုသံနဲ့ပေါ့
အောင်တဲ့အိမ်ကျလဲ ပျော်သံ နဲ့ ဆူလို့ . . .
 
အောင်သူတွေလဲ ရှေ့ဆက်မယ့်ဘ၀ခရီးကို အရွေးမမှားပဲ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးဖို့နဲ့
ကျသူတွေလဲ ထပ်ပြီး ကြိုးစားကြဖို့ လိုနေပါတယ်။
 
ပန်းကလေးများတော့ ဖူးကနေ အပွင့်ကို ပြောင်းပါတော့မယ်
တက္ကသိုလ်ဆိုတဲ့နေရာမှာ ပညာရယ်၊ ဘ၀အတွက် အတွေ့အကြုံ အမြင်သစ်များ ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Friday, June 20, 2008

မန္တလေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တိုးမြှင့်မည်

မန္တလေးတိုင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီက
အစည်းအဝေးကျင်းပပြီး မန္တလေးမြို့တွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို
တိုးမြှင့်ဆောင်ရွက်မယ်လို့ နေ့စဉ်ထုတ်သတင်းစာများက တစ်ဆင့်သိရပါတယ်။

ပညာပေးခြင်းအစီအစဉ်လုပ်ဆောင်ပြီးရင်  စည်းကမ်းထိန်းသိမ်းခြင်းလုပ်မယ်လို့သိရပါတယ်။

နှစ်အလိုက် ယာဉ်တိုက်မှုမှာ တဖြည်းဖြည်းများလာလို့ လုပ်ရတာလို့လဲ ဖော်ပြပါရှိပါတယ်။

အခုရက်ပိုင်း မန္တလေး အဓိကနေရာများမှာ စီစီတီဗွီကင်မရာများတပ်ဆင်ထားပြီး
ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

မန္တလေးသားများ သတိထားဖို့ပါ။

Thursday, June 19, 2008

မိုးရွာသောအခါ အတွေးကမ္ဘာ

မိုးရွာသောအခါ ရင်ထဲမှာ လူတိုင်း အမျိုးမျိုးခံစားကြရပါတယ်။

ဒီကနေ့မိုးရွာတော့ အိပ်ရာထဲမှာ အိပ်နေတုံးပါပဲ .
ညနေပိုင်း ၂နာရီလောက်ထင်ပါတယ် . .
မိုးတွေ စရွာလာပါတယ်

မိုးရွာတော့မှ ရေစိုမယ်ထင်တာတွေ
အိမ်ထဲရေ၀င်ရင် မလွတ်တာတွေ ဖယ်ရင်းမရင်းနဲ့
အချိန်ကုန်ခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ ညနေ ၃နာရီခွဲလောက်မှာ မိုးကြီးတိတ်လို့ ဖွဲဖွဲနဲ့သာ ရွာနေပါတော့တယ်။

ကျွန်တော့်အကျင့်ကလဲ မိုးရွာပြီးရင် လမ်းထိပ်ထွက်ကြည့်တာပဲလေ

မိုးက ရေသိပ်မပါသလို ခံစားရပေမယ့်
လမ်းထိပ်လဲရောက်ရော ရေတွေက တစ်လမ်းလုံးပြည့်လို့
ကျောင်းကလဲ အဆင်း ကလေးတွေ အရမ်းဒုက္ခရောက်တာ တွေ့ရပါတယ်။
ကလေးတွေကတော့ ပျော်တဲ့သူပျော်ပေါ့

အပူအပင်ကင်းတဲ့ကလေးဘ၀ဆိုတော့လဲ . .မိုးရေနဲ့ပြည့်နေတာကို ပျော်ပြီး
ရေချိုးရေကူးကြပေါ့လေ . . .

မျက်စိရှေ့မှာပဲ စိတ်မကောင်းစရာကတော့ မိုးကာ၊ ထီးမပါပဲ
လွယ်အိတ်မနိုင်၊ ထမင်းချိုင့် မနိုင်နဲ့ ကလေးနှစ်ယောက်
တစ်ယောက်ကို တစ်ယောက်ဖေးမလို့
ရေက စို
ဒူးအထက် ရေကိုလဲ ရုန်းရသေးတယ်
လွယ်အိတ်က ရေထဲမှာကျလို့ . . .
စိုနေပြီ . . .

သွားကူမလို့ လုပ်တုံးမှာပဲ တစ်ယောက်ကို တစ်ယောက်ထိန်းရင်း
လွယ်အိတ်ကို ကျောပိုးလို့
အဆင်ပြေအောင်လုပ်ပြီး တစ်ယောက်ကို တစ်ယောက်ထိန်းပြီး
ဆက်လျှောက်သွားကြတယ်
မိုးတိတ်သွားတာရယ်
သူတို့ရဲ့ ကြိုးစားမှုကို သိချင်တာရယ်ကြောင့်
အသာလိုက်ကြည့်ရင်း အိမ်အရောက်ပို့ပေးလိုက်ပါတယ်။

ရေထဲက ကလေးတွေ ကျောင်းက ပြန်လာတာကိုကြည့်ပြီး
မုန်တိုင်းဒဏ်ကြောင့်
ကျောင်းတတ်ဖို့ ခက်နေသော
ကျောင်းတက်ခွင့်မရတော့သော . . . .

ကျောင်းသား၊ ကျောင်းသူလေးများအားလုံးဆီကို အတွေးနယ်ချဲ့မိပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်
ပန်းဖူးမြစ်တန်းကျေးရွာက ဘုန်းတော်ကြီးသင်မူလတန်းကျောင်း
အဆောက်အအုံဆောက်လုပ်နိုင်ရေးအတွက်
စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကြိုးစားလို့နေပါတယ်။
ကုန်ကျစရိတ်ကြီးမားလာတာရယ်
အလှူခံရတာ ကြပ်တည်းလာတာရယ်(လှူပြီးကြတော့ ထပ်လှူဖို့ အခက်တွေ့တာပေါ့လေ)
ကုန်ကျစရိတ် အလှူငွေ ရရှိရေးအတွက် အချိန်တိုင်း ကြိုးစားလို့နေရပါတော့တယ်

အဲဒီကျောင်းက ကျောင်းသား၊ ကျောင်းသူလေးတွေ ပညာသင်ကြားဖို့အရေး
ဘယ်လိုများ စောင့်မျှော်နေကြမလဲ
ဘယ်လောက်များ စောင့်မျှော်နေကြမလဲလို့ . . . ..

ကလေးတို့ပညာသင်ကြားဖို့အတွက် အဆောက်အအုံ(ကျောင်း) ဆောက်လုပ်ဖို့
ကြိုးစားနေပါတယ် . . .
အလှူငွေ မြန်မြန် များများရရှိပါစေလို့သာ ဆုတောင်းပေးကြပေါ့ကွာ . . .

အလှူရှင်များအနေနဲ့ ပါဝင်လှူဒါန်းလိုလျှင်ဖြစ်ဖြစ်
ကိုယ်ပိုင် သီးခြားလှူဒါန်းလိုလျှင်ဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်တို့ဆီကို အလှူငွေ ထည့်ဝင်နိုင်သလို
မိမိနာမည် မော်ကွန်းထိုးလို့ လှူဒါန်းချင်ရင်လဲ ရပါတယ်။
ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် . . . .
ဆက်သွယ်မယ်ဆိုရင် cittasukha@gmail.com မှ တစ်ဆင့်
ဆက်သွယ်ဆောင်ရွက်နိုင်ကြပါတယ်ခင်ဗျာ . . . .

Wednesday, June 18, 2008

မန္တလေးလူရွှင်တော်များရဲ့ နာဂစ်မုန်တိုင်းအလှူငွေပေးအပ်ပွဲကျင်းပ

မန္တလေးက လူရွှင်တော်များ၊ ဘိတ်သိတ်ဆရာများ၊ ဆိုင်းဆရာများ၊ အငြိမ့်မင်းသမီးများစုပေါင်းလို့
အလှူခံထွက်ရရှိတဲ့ အလှူငွေ၊ ပစ္စည်းများကို ယနေ့ ပေးအပ်လှူဒါန်းပွဲလေးကို
ရွာစားကျော် စိန်ဓူဝံ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။
 
လေဘေးဒဏ်သင့်ခံခဲ့ရတဲ့ ဇာတ်အဖွဲ့သား ၄၈ဦးအား ထောက်ပံ့ခြင်း
အခြား သွားရောက်လှူဒါန်းရန် အလှူငွေကျပ် ၈၅သိန်းပေးအပ်ခြင်းများ
ပြုလုပ်ခဲ့ပါတယ်။
 
သတင်းအကျယ်ကို ဆက်လက်ဖော်ပြသွားပါ့မယ်

Sunday, June 15, 2008

ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် ဘက်သို့ လေပြင်း တိုက်ခတ်နိုင်

မိုးလေ၀သ အခြေအနေအရ
မြန်မာ့ဘင်္ဂလားပင်လယ်အော်တွင်
လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး
လေပြင်းတိုက်ခတ်နိုင်မည်ဟု ကြားသိရပါတယ်။
 
မြန်မာ့မိုးလေ၀သဌာနကလည်း ထုတ်ပြန်တယ်လို့ ကြားရပြန်ပါတယ်။
 
ကျွန်တော်ကတော့ မိုးလေ၀သနဲ့ပတ်သက်ပြီး
ရာဟူးက ပုံကို ဖော်ပြပေးလိုက်ပါတယ်။
 
လင့်ကတော့
 
Thursday, June 12, 2008

ဘုရားနှစ်ဆူ ထပ်မံ တွေ့ရှိပင့်ဆောင်

ဧရာဝတီမြစ်အတွင်းက ဘုရားဆင်းတုတော်များ
တွေ့ရှိပြီး ပူဇော်နေကြရာက ယခုဆိုလျှင် ၅ဆူ ရှိသွားပြီဖြစ်ပါတယ်။

၁၁ရက်နေ့မှာပဲ ဥာဏ်တော် ၄ပေ၊နဲ့ ၂ပေ ခန့်ရှိတဲ့
ဘုရား၂ဆူ ထပ်မံ တွေ့ရှိ ဆယ်ယူပြီး
ပူဇော်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို ယနေ့ထုတ် အထက်မြန်မာဂျာနယ်မှာ တွေ့ခဲ့ရတာပါ။
မနေ့ညနေက ရောက်လာတဲ့ ဂျာနယ်မှာ မနေ့ကဖြစ်တဲ့သတင်းကို
ဖော်ပြနိုင်ခဲ့တာ တွေ့ရတဲ့အတွက် ဂျာနယ်ရဲ့ မြန်ဆန်မှုကို ချီးကျူးမိပါကြောင်း။

Sunday, June 8, 2008

စိတ္တသုခ ပရဟိတလူငယ်များ စဥ့်ကူး အမှတ်(၉၁)အမကတွင် လှူဒါန်း

စိတ္တသုခ ပရဟိတလူငယ်များရဲ့
ပုံမှန် ၆လတစ်ကြိမ် အလှူဖြစ် 
စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
 
အားလုံး ၄၂ဦးလိုက်ပါလှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .
 
ဒီလ ၁၅ရက်ခန့်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်အတွင်း
တည်ဆောက်မည့် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
အတွက် အလှူငွေ ပထမအကြိမ် ပေးပို့ရန် စီစဉ်နေကြပါတယ်။
 
အဲဒီနောက်မှတော့ အဆောက်အအုံ တည်ဆောက်ခြင်းများစတင်ပြီး
လကုန်ခန့်တွင် သွားရောက် လှူဒါန်းနိုင်ရေး
စီစဉ်မျှော်မှန်းလျက်ရှိပါတယ်။
 
သက်ဆိုင်ရာမှ ကျောင်းဆောက်လုပ်လှူဒါန်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိသကဲ့သို့
ထပ်မံလည်း လှူဒါန်းပေးကြပါဦးခင်ဗျာ . . .
 
သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့ . . . . .
 
Saturday, June 7, 2008

ကသောလက်ဖြင့် ကူညီမည့် မင်းသားလေးများ ယနေ့ ရန်ကုန်သို့ ယာဉ်တန်းဖြင့် ထွက်ခွာ

ကနေ့ မနက်က ကားကြီးဝင်းကို အလှူအတွက် ပစ္စည်းရောက်လို့ သွားယူတဲ့အခါမှာ
ကသောလက်ဖြင့် ကူညီမည့် မင်းသားလေးများရဲ့ ကားတန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရပါတယ်။

ရရှိခဲ့တဲ့ အလှူငွေ သိန်းတစ်ရာကျော်ကို ကိုယ်ထိလက်ရောက်သွားလှူကြတာဖြစ်ပြီး
လမ်းတစ်လျှောက်လဲ ကပြဖျော်ဖြေပြီး အလှူခံသွားကြမှာပါ။
လေးညအိပ် ငါးရက် သွားကြမယ်လို ကြားသိရပါတယ်။

ကသောလက်များ ကူညီနိုင်ကြပါစေ  . . ..

Friday, June 6, 2008

ဂရုဏာသံစဉ် ရန်ပုံငွေရှာတေးဂီတ ဖျော်ဖြေပွဲ

ဂရုဏာသံစဉ် ဂီတဖျော်ဖြေပွဲအဖြစ်
မနက်ဖြန် စနေ့နေ့မှာ မန္တလေး ဗထူးကွင်းမှာ ကျင်းပသွားမည်ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမည့် တေးသံရှင်များက
ယနေ့ မွန်းလွဲ ၂နာရီမှ ၆နာရီအထိ မန္တလေးစီးတီးဟိုတယ်မှာ အလှူငွေနဲ့ပစ္စည်းများကို
ကိုယ်တိုင်ကိုယ်ကျ လက်ခံခဲ့ကြပါတယ်။

တော်တော်များများ လာရောက်လှူဒါန်းကြတာကို တွေ့ရပြီး
တေးသံရှင်များက အလှည့်ကျ လက်ခံရယူကြပါတယ်။

ကျွန်တော့်ရှေ့တင်ပဲ ဦးဇင်းတစ်ပါးက သင်္ကန်း၊ ဖိနပ်၊ ထီးနှင့်အလှူငွေ လာလှူသလို
တချို့ကလည်း အ၀တ်အထည်များလာလှူဒါန်းတာ တွေ့ရပါတယ်။

ဖျော်ဖြေပွဲ လက်မှတ်ခ အဖြစ် တစ်သောင်းခွဲနဲ့ ငါးထောင်ကျပ် သတ်မှတ်ထားပါတယ်။
မနက်ဖြန် ၇ရက်နေ့ ညနေပိုင်းမှာ ဗထူးကွင်းမှာ တေးသံရှင် စုံလင်စွာနဲ့
ဖျော်ဖြေကြမှာဖြစ်ပါတယ်။

လေဘေးဒဏ်သင့်ပြည်သူများအတွက်
တေးဂီတ လှုပ်ရှားမှုအဖြစ် ဖျော်ဖြေပွဲကျင်းပသလို
ပြင်ဦးလွင်တွင်လည်း ရိုက်ကူးရေးအဖွဲ့၆ဖွဲ့တို့က
ဇာတ်လမ်းများ ယနေ့ စတင်ရိုက်ကူးကြောင်း ကြားသိရပါတယ်။

ရန်မျိုးလုံ ဓမ္မာရုံမှာ နောက်ထပ် ဘုရားတစ်ဆူ ထပ်မံတွေ့ရှိပူဇော်

ယခင်လ အတွင်းက ဧရာဝတီမြစ်အတွင်းက ဆယ်ယူပူဇော်ခဲ့တဲ့ ဘုရားနှစ်ဆူ အပြင်
၅-၆-၂၀၀၈မှာ ဘုရားတစ်ဆူ ထပ်မံ ဆယ်ယူရရှိခဲ့ပါတယ်။
ဘုရားများကို ရန်မျိုးလုံ ဓမ္မာရုံမှာ ယာယီ စံကျောင်းတော်နဲ့ပူဇော်ထားပြီး
မကြာမီ ကျောင်းတော် ဆောက်လုပ်လှူဒါန်းမယ်လို့ သိရပါတယ်။
့
ပုံများ တင်ပေးထားပါတယ်

Wednesday, June 4, 2008

ဆိုင်း၊ ဘိသိက်၊ အငြိမ်လူရွှင်တော်၊ မင်းသမီးများစုပေါင်းအလှူခံ

မန္တလေးက ဆိုင်း၊ ဘိသိက်၊ အငြိမ်လူရွှင်တော်၊ မင်းသမီးများစုပေါင်းပြီး
ယနေ့နံနက်ပိုင်းကစတင်လို့ လေဘေးသင့်ပြည်သူများကို ကူညီနိုင်ဖို့
အလှူခံမှုစတင်ခဲ့ပါတယ်။

၅ရက်တာအလှူခံမယ့်အစီအစဉ်အစနေနဲ့
မဟာမြတ်မုနိဘုရားကြီးကို ဦးတိုက်ပြီး ယနေ့ နံနက်ပိုင်းက ဘုရားကြီး
တစ်ဝိုက်လှည့်လည်
အလှူခံရာ နေ့လယ်ထမင်းစားချိန်တွင် အလှူငွေ ၇သိန်းကျော် ရရှိသွားပါတယ်။

၎ရက်နေ့မှာ လောကနတ်ခန်းမမှ စိန်ပန်းရပ်ကွက်ပိုင်း
ညပိုင်း ပေါက်မြိုင်ကျောင်းတိုက် အရှေ့ပေါက်

၅ရက်နေ့ လမ်း၈၀မှ ရတနာပုံဈေး မင်္ဂလာဈေး
ညပိုင်း ပုလင်းဝင်း ခြင်္သေ့နှစ်ကောင်းအနီး

၆ရက်နေ့ ၈၄လမ်း၊ ဈေးချို၊ ညောင်ပင်ဈေး၊
ညပိုင်း အောင်တော်မူ ရေအိုးစင်အနီး

၇ရက် ဘုရားကြီးအရှေ့ဘက်၊ တက္ကသိုလ်မြောက်ဘက်၊ ၇၃လမ်း၊ ၂၇လမ်း၊ ၆၂လမ်း
မြောက်ဘက် နန်းရှေ့ဈေး
ညပိုင်း မြောက်ပြင် အရိပ်မထွက်ဘုရားအနီး

၈ရက်နေ့ ဘုရားကြီးတောင်ဘက်၊ တမ္ပ၀တီကွက်သစ်
ညပိုင်း အမရပူရ လမ်း၅ခွ

အထက်ကနေရာများမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Tuesday, June 3, 2008

မန္တလေးလူရွှင်တော်များ နာဂစ်မုန်တိုင်းအတွက် အလှူခံထွက်မယ်

မန္တလေးက လှူရွှင်တော်များက မန္တလေးမြို့တွင်း လှည့်လို့ ၄ရက်နေ့မှာ
အလှူခံမယ်လို့ သိထားရပါတယ်။
ဟာသပညာဖြင့် ဖျော်ဖြေရင်း အလှူငွေရဖို့
ငိုသောမျက်လုံးကို အပြုံးဖုံးပြီး
ငိုချင်သော်လည်း ရယ်အောင်ပြုကာ
ညစ်ညူးသည့်စိတ်များကို ပြေဖျောက်ပြီး
အလှူငွေရဖို့ ကြိုးစားသွားကြမယ်လို့ ထင်ပါတယ် . . .
မနက်ဖြန် သွားပြီး တွေ့ဆုံကြည့်ပါဦးမယ် . . .

မန္တလေးမှာ နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ဆုတောင်း

မန္တလေးမှာ ယနေ့ နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ဆုတောင်းပွဲ
လုပ်တယ်လို့ ကြားရပါတယ်။
ဘာသာပေါင်းစုံ ဆုတောင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံကို ရှာတင်ပါဦးမယ်

Sunday, June 1, 2008

ပေါ်တော်မူ ဘုရား နှစ်ဆူ ဖူးခဲ့ပါပြီ

ရန်မျိုးလုံ ဘုရားမှာ ဆယ်ယူပူဇော်ထားတဲ့ ဘုရားနှစ်ဆူကို ယနေ့ညနေပိုင်းက
မိသားစုနဲ့အတူ
သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ဥာဏ်တော် ၁၀ပေ၊ ၁၀လက်မ၊
လုံးပတ်တော် ၁၀ပေ ၄လက်မ
ရှိသော ဘုရားတစ်ဆူ

ဥာဏ်တော် ၃ပေ ၅လက်မ
လုံးပတ်တော် လက်မ ၃၀ခန့်ရှိ
ဘုရားတစ်ဆူ

နှစ်ဆူ ပူဇော်ထားရှိပါတယ်။

ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပြီး
ကုသိုလ်ဖြင့် စေတနာကြေး ကား၊ ဆိုင်ကယ်၊ စက်ဘီး အပ်နှံလက်ခံနေပါတယ်။

ပုံများ တင်ပေးလိုက်ပါတယ် . . .
ဖူးမြော်ကြည်ညိုနိုင်ပါစေ . . .