Thursday, June 19, 2008

မိုးရွာသောအခါ အတွေးကမ္ဘာ

မိုးရွာသောအခါ ရင်ထဲမှာ လူတိုင်း အမျိုးမျိုးခံစားကြရပါတယ်။

ဒီကနေ့မိုးရွာတော့ အိပ်ရာထဲမှာ အိပ်နေတုံးပါပဲ .
ညနေပိုင်း ၂နာရီလောက်ထင်ပါတယ် . .
မိုးတွေ စရွာလာပါတယ်

မိုးရွာတော့မှ ရေစိုမယ်ထင်တာတွေ
အိမ်ထဲရေ၀င်ရင် မလွတ်တာတွေ ဖယ်ရင်းမရင်းနဲ့
အချိန်ကုန်ခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ ညနေ ၃နာရီခွဲလောက်မှာ မိုးကြီးတိတ်လို့ ဖွဲဖွဲနဲ့သာ ရွာနေပါတော့တယ်။

ကျွန်တော့်အကျင့်ကလဲ မိုးရွာပြီးရင် လမ်းထိပ်ထွက်ကြည့်တာပဲလေ

မိုးက ရေသိပ်မပါသလို ခံစားရပေမယ့်
လမ်းထိပ်လဲရောက်ရော ရေတွေက တစ်လမ်းလုံးပြည့်လို့
ကျောင်းကလဲ အဆင်း ကလေးတွေ အရမ်းဒုက္ခရောက်တာ တွေ့ရပါတယ်။
ကလေးတွေကတော့ ပျော်တဲ့သူပျော်ပေါ့

အပူအပင်ကင်းတဲ့ကလေးဘ၀ဆိုတော့လဲ . .မိုးရေနဲ့ပြည့်နေတာကို ပျော်ပြီး
ရေချိုးရေကူးကြပေါ့လေ . . .

မျက်စိရှေ့မှာပဲ စိတ်မကောင်းစရာကတော့ မိုးကာ၊ ထီးမပါပဲ
လွယ်အိတ်မနိုင်၊ ထမင်းချိုင့် မနိုင်နဲ့ ကလေးနှစ်ယောက်
တစ်ယောက်ကို တစ်ယောက်ဖေးမလို့
ရေက စို
ဒူးအထက် ရေကိုလဲ ရုန်းရသေးတယ်
လွယ်အိတ်က ရေထဲမှာကျလို့ . . .
စိုနေပြီ . . .

သွားကူမလို့ လုပ်တုံးမှာပဲ တစ်ယောက်ကို တစ်ယောက်ထိန်းရင်း
လွယ်အိတ်ကို ကျောပိုးလို့
အဆင်ပြေအောင်လုပ်ပြီး တစ်ယောက်ကို တစ်ယောက်ထိန်းပြီး
ဆက်လျှောက်သွားကြတယ်
မိုးတိတ်သွားတာရယ်
သူတို့ရဲ့ ကြိုးစားမှုကို သိချင်တာရယ်ကြောင့်
အသာလိုက်ကြည့်ရင်း အိမ်အရောက်ပို့ပေးလိုက်ပါတယ်။

ရေထဲက ကလေးတွေ ကျောင်းက ပြန်လာတာကိုကြည့်ပြီး
မုန်တိုင်းဒဏ်ကြောင့်
ကျောင်းတတ်ဖို့ ခက်နေသော
ကျောင်းတက်ခွင့်မရတော့သော . . . .

ကျောင်းသား၊ ကျောင်းသူလေးများအားလုံးဆီကို အတွေးနယ်ချဲ့မိပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်
ပန်းဖူးမြစ်တန်းကျေးရွာက ဘုန်းတော်ကြီးသင်မူလတန်းကျောင်း
အဆောက်အအုံဆောက်လုပ်နိုင်ရေးအတွက်
စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကြိုးစားလို့နေပါတယ်။
ကုန်ကျစရိတ်ကြီးမားလာတာရယ်
အလှူခံရတာ ကြပ်တည်းလာတာရယ်(လှူပြီးကြတော့ ထပ်လှူဖို့ အခက်တွေ့တာပေါ့လေ)
ကုန်ကျစရိတ် အလှူငွေ ရရှိရေးအတွက် အချိန်တိုင်း ကြိုးစားလို့နေရပါတော့တယ်

အဲဒီကျောင်းက ကျောင်းသား၊ ကျောင်းသူလေးတွေ ပညာသင်ကြားဖို့အရေး
ဘယ်လိုများ စောင့်မျှော်နေကြမလဲ
ဘယ်လောက်များ စောင့်မျှော်နေကြမလဲလို့ . . . ..

ကလေးတို့ပညာသင်ကြားဖို့အတွက် အဆောက်အအုံ(ကျောင်း) ဆောက်လုပ်ဖို့
ကြိုးစားနေပါတယ် . . .
အလှူငွေ မြန်မြန် များများရရှိပါစေလို့သာ ဆုတောင်းပေးကြပေါ့ကွာ . . .

အလှူရှင်များအနေနဲ့ ပါဝင်လှူဒါန်းလိုလျှင်ဖြစ်ဖြစ်
ကိုယ်ပိုင် သီးခြားလှူဒါန်းလိုလျှင်ဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်တို့ဆီကို အလှူငွေ ထည့်ဝင်နိုင်သလို
မိမိနာမည် မော်ကွန်းထိုးလို့ လှူဒါန်းချင်ရင်လဲ ရပါတယ်။
ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် . . . .
ဆက်သွယ်မယ်ဆိုရင် cittasukha@gmail.com မှ တစ်ဆင့်
ဆက်သွယ်ဆောင်ရွက်နိုင်ကြပါတယ်ခင်ဗျာ . . . .

No comments: