Thursday, May 8, 2008

အများအတွက် အလှူဒါနများ ပြုလုပ်သူများသို့

အများအတွက် အလှူဒါနများ ပြုလုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို

ကိုယ်တိုင်ကြုံခဲ့ရတဲ့အခြေအနေပေါ်မူတည်ပြီး ပြောပြချင်လို့ပါ။

ကျွန်တော်တို့ မြစ်ငယ်ရေဘေးအတွက် သွားရောက်လှူဒါန်းစဉ်က ကြုံရတဲ့အခြေအနေများကို မူတည်လို့ ပြောပြချင်ပါတယ်။

ကျွန်တော်တို့က အလှူလုပ်မယ်ဆိုရင် ကိုယ်ထိလက်ရောက်၊ ကိုယ်တိုင်ကိုင်ကျသွားရောက်လှူဒါန်းရမှ ကျေနပ်ပါတယ်။

ဒါကြောင့် မြစ်ငယ်ရေဘေးလှူဒါန်းရာ ကိုယ်တိုင်ပေးဝေခွင့်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါကြောင့် ပထမဦးစွာ မြစ်ငယ်ရေဘေးကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး

မြစ်ငယ်ရေဘေးကယ်ဆယ်မှုအခြေအနေကို မေးမြန်းစုံစမ်းပါတယ်။

ဒုက္ခရောက်သူဦးရေ၊ အိမ်ထောင်စုပေါင်း၊ ကျေးရွာအလိုက်စာရင်းများစသည်ဖြင့်

လိုအပ်သည်များကို မေးမြန်းစုံစမ်းခဲ့ပါတယ်။

အဲလိုစုံစမ်းပြီး ရေဘေးခံစားရသူများထံ တိုက်ရိုက်ပေးဝေခွင့်ရဖို့ တောင်းဆိုပါတယ်။

တာဝန်ရှိသူများကလည်း အားလုံးလိုက်ပြီး ကူညီပေးကြပါတယ်။

ကျွန်တော်တို့တွေ့ကြုံရတဲ့အချက်များကတော့

ဘေးဒုက္ခခံစားရသူများရဲ့ အရေအတွက်အတိအကျသည် တာဝန်ရှိသူများထံတွင်သာရှိပါတယ်။

မိမိသဘောနဲ့မိမိ ရပ်ရွာများအတွင်း ၀င်ရောက်လှူဒါန်းရာမှာ မရှိသေးတဲ့ နေရာကို မလှူမိဘဲ

နေရာထပ်ပြီး လှူဒါန်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် တချို့ ရွာမှာ အကြိမ်ကြိမ်ရပြီး အချို့ရွာမှာ မရကြောင်းကို ရွာသူ၊ရွာသားများက ပြောခဲ့ပါတယ်။

ဒါကြောင့် ပထမလုပ်သင့်တာကတော့ ကယ်ဆယ်ရေး တာဝန်ရှိသူများကို ကယ်ဆယ်ဖို့လိုအပ်တဲ့ လူဦးရေ၊ အိမ်ထောင်စု စာရင်းကို တောင်းယူဖို့ဖြစ်ပါတယ်။

သူတို့ပေးတဲ့ စာရင်းအရ ကိုယ်က လှူဒါန်းနိုင်တဲ့ အရေအတွက်ကို သတ်မှတ်ရပါမယ်။

မြစ်ငယ်ရေဘေးမှာ ကျွန်တော်တို့လှူရာမှာ လူဦးရေအရ လူတစ်ဦးကို ဆန်နို့ဆီဗူးလေးလုံးနှုန်းနဲ့

လူဦးရေ ဘယ်လောက်စာ လှူဒါန်းမယ်ဆိုတာ တွက်ခဲ့ပါတယ်။

နောက် ကယ်ဆယ်ရေးစခန်းက ပေးတဲ့ ကျေးရွာများမှာ ကျွန်တော်တို့ နဲ့ ကိုက်ညီမယ့် ကျေးရွာများကို ရွေးချယ်ပါတယ်။

လှူဒါန်းရမယ့်နေရာကို သွားကြည့်ပါတယ်။ အမှန်တကယ်လိုအပ်မှုရှိမရှိ ဆုံးဖြတ်ပြီး လှူရန်သင့်ပါက တာဝန်ရှိသူများကိုပြောပါတယ်။

တာဝန်ရှိသူများက လူစုပေးခြင်း၊ အိမ်ထောင်စုဝင်ဟုတ်မဟုတ်စိစစ်ပေးခြင်းများဆောင်ရွက်ပေးပါတယ်။

ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျ ပေးဝေပါတယ်။

ဒါက ကျွန်တော်တို့လုပ်ခဲ့တဲ့ လမ်းကြောင်းပါ။

အခု နာဂစ်မုန်တိုင်းဒဏ်ခံရသူများကို ကိုယ်တိုင်လှူဒါန်းမယ်ဆိုရင် ဒီလိုလုပ်ပါ့လားလို့ အကြံပေးပါရစေ

၁။ တာဝန်ရှိသူများထံ တရားဝင်ဆက်သွယ်ပါ

၂။ လှူဒါန်းရမယ့်သူ အရေအတွက် တောင်းပါ

၃။ ကိုယ်လှူဒါန်းနိုင်မယ့်အရေအတွက်ကို ချိန်ဆပါ

၎။ တကယ်လိုအပ်တဲ့နေရာဟုတ်မဟုတ် ကွင်းဆင်းကြည့်ပါ

၅။ တာဝန်ရှိသူများကို အကြောင်းကြားအသိပေးပြီး သွားရောက်ဝေငှပါ။

(တာဝန်ရှိသူများထံ ပစ္စည်းအပ်ဖို့ မလိုပါ) ကိုယ်တိုင် ကိုယ်ထိလက်ရောက်ဝေငှပါ။

၆။ ကယ်ဆယ်မှုရောက်ရှိပြီးသားနေရာများကို ရှောင်ပြီး မရောက်သေးတဲ့နေရာကို ကြိုးစားရှာဖွေပါ။

ဒီလိုလှူဒါန်းခြင်းဖြင့်

၁။ တာဝန်ရှိသူများနဲ့ ပဋိပက္ခဖြစ်စရာမရှိပါ။

၂။ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးကြည့်ခြင်းဖြင့် သူတို့ရဲ့ အခက်အခဲ၊ ရပ်ရွာအခြေအနေကို သိရပါမယ်။

၃။ ကူညီရေးအတွက် မလိုလားအပ်တဲ့ ပြသနာများ မဖြစ်နိုင်တော့ပါဘူး။

(ကျွန်တော်တို့ သွားလှူရာမှာ ကြားခဲ့ရတာက ဒုက္ခရောက်သူများက စနစ်တကျမရှိဘဲ ၀ိုင်းယူကြလို့ များများရတဲ့နေရာကရ

မရတဲ့နေရာကမရ အဲလို မဖြစ်စေချင်လို့ပါ)

၎။ လူဦးရေ၊ အိမ်ထောင်စုစာရင်းစတဲ့ စာရင်းများအတိအကျရလို့ ပစ္စည်းဝယ်ယူရာမှာ တိတိကျကျ စီစဉ်နိုင်ပါတယ်။

ဒါကြောင့် သွားရောက်လှူဒါန်းမယ်ဆိုရင် အခြေအနေကိုကြည့်ပြီး တာဝန်ရှိသူများနှင့်ဆက်သွယ်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

အခြေအနေအရ တာဝန်ရှိသူများက ရိုင်းရိုင်းပြပြဆက်ဆံလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်လှူခွင့်မပေးဘဲ သူတို့ဆီပဲ ထားခဲ့ရမယ်ဆိုရင် ဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်ကြိုးစားခွင့်ရမှာဖြစ်ပါတယ်။

တာဝန်ရှိသူများကလည်း လိုလိုလားလား ပူးပေါင်းကြမယ်လို့ မျှော်လင့်ရပါတယ်။

လှူဒါန်းလိုသူများ စိတ်လက်ပျော်ရွှင်စွာ လှူဒါန်းနိုင်ကြပါစေဗျာ

No comments: